ပစိဖိတ်ဒေသက ကျွန်းနိုင်ငံတွေကို ဂျပန်က မိုးလေဝသ အချက်အလက်တွေ ပေးပို့မယ်

ဂျပန်အစိုးရဟာ တောင်ပစိဖိတ်ဒေသက ကျွန်းနိုင်ငံတွေကို သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရာမှာ အထောက်အကူပြုစေဖို့အတွက် မိုးလေဝသနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို ပေးပို့ဖို့ စီစဉ်နေပါတယ်။

တိုကျိုမှာ ဇူလိုင်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ၁၀ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ အဲဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ကြေညာခဲ့ပါတယ်။

ဂျပန်ဟာ ၁၉၉၇ ခုနှစ်ကတည်းက အဲဒီထိပ်သီးအစည်းအဝေးအတွက် တောင်ပစိဖိတ်ဒေသက ခေါင်းဆောင်တွေကို သုံးနှစ်တစ်ကြိမ် ဖိတ်ကြားခဲ့ပါတယ်။ အခုနှစ် အစည်းအဝေးကို ခေါင်းဆောင် ၁၈ ဦး တက်ရောက်ဖို့ စီစဉ်ထားပြီး ဂျပန်၀န်ကြီးချုပ် Kishida Fumio က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ ဂျပန်မိုးလေဝသအေဂျင်စီက စုဆည်းထားတဲ့ အချက်အလက်တွေကို ပေးပို့မှာ ဖြစ်တယ်လို့ မစ္စတာ Kishida က ကြေညာဖို့ စီစဉ်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ဆူနာမီလို ဘေးအန္တရာယ်တွေ ကျရောက်တဲ့အခါ အဲဒီအချက်အလက်တွေကို တိမ်းရှောင်ခိုလှုံရေးနဲ့ တခြားအစီအမံတွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

Michibiki ဂြိုလ်တုဆိုတဲ့ ဂျပန်ဗားရှင်း တည်နေရာပြစနစ် (GPS) ကို သုံးပြီး အဲဒီအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ပေးပို့မှာ ဖြစ်ပါတယ်။

အချက်အလက်တွေကို အစမ်းပေးပို့တဲ့အနေနဲ့ ပထမဆုံး ဖီဂျီနိုင်ငံဆီ ပေးပို့မှာ ဖြစ်ပါတယ်။

တရုတ်ဟာ လတ်တလောနှစ်တွေအတွင်း အခြေခံအဆောက်အအုံစီမံကိန်းတွေကတစ်ဆင့် တောင်ပစိဖိတ်ဒေသကို ဩဇာ ပိုမိုလွှမ်းမိုးနိုင်ဖို့ လှုပ်ရှားဆောင်ရွက်နေပါတယ်။

ဂျပန်ဟာ အဲဒီဒေသထဲက နိုင်ငံတွေကို နှစ်ပေါင်းများစွာ တရားဝင် ဖွံ့ဖြိုးမှုအထောက်အပံ့တွေ ပေးအပ်လာခဲ့တဲ့အပြင် ဘေးအန္တရာယ်ကာကွယ်တားဆီးရေး အစီအမံတွေအတွက် ကူညီပံ့ပိုးခြင်းအားဖြင့် အဲဒီနိုင်ငံတွေနဲ့အကြား ဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။