ဆေးခြောက်နဲ့ တူတဲ့ ပစ္စည်း ပါဝင်တဲ့ ကုန်ပစ္စည်း ၁၄ မျိုးရဲ့ ရောင်းချမှုကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနပိတ်ပင်

ဂျပန်နိုင်ငံတစ်ဝန်းနဲ့ အွန်လိုင်းပေါ်က ဆိုင်တွေမှာ ဆေးခြောက်နဲ့ ဆင်တူတဲ့ ပစ္စည်းပါဝင်တဲ့ ကုန်ပစ္စည်း ၁၄ မျိုးရဲ့ ရောင်းချမှုကို ပိတ်ပင်ဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ဧပြီလတုန်းက ကျန်းမာရေးထိခိုက်တဲ့ ဖြစ်ရပ် နှစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရာရှိတွေက ပြောပါတယ်။ အသက် ၂၀ တန်းအရွယ် လူငယ်တချို့ဟာ ဆေးခြောက်နဲ့ တူတဲ့ HHCPM ဆိုတဲ့ ပစ္စည်းပါဝင်တယ်လို့ ယူဆရတဲ့ ကုန်ပစ္စည်းတွေကို သုံးစွဲပြီးနောက် အိပ်ငိုက်တယ်လို့ ခံစားခဲ့ရပြီး အဲဒီနောက် ဆေးရုံကို အမြန်သွားခဲ့ရပါတယ်။

အဲဒီလို ဖြစ်ရပ်တွေကြောင့် အဲဒီပစ္စည်းပါဝင်တဲ့ ကုန်ပစ္စည်း ဖြန့်ချိရောင်းချမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဝန်ကြီးဌာနက ယူဆခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ အမိန့်အရ ပိတ်ပင်လိုက်တဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်း ၅၈ မျိုး ရှိပြီ ဖြစ်ပါတယ်။

ဆေးခြောက်နဲ့ တူတဲ့ ပစ္စည်းတွေ ပါဝင်တဲ့ ကုန်ပစ္စည်းကို သုံးစွဲပြီးနောက် နေမကောင်းဖြစ်ပြီး ဆေးရုံ အမြန်သွားခဲ့ရတဲ့ ဖြစ်ရပ်တွေ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး ကျန်းမာရေးဝန်ကြီးဌာနဟာ ကုန်ပစ္စည်း ၄၄ မျိုးရဲ့ ရောင်းချမှုကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးဌာနဟာ အဲဒီကုန်ပစ္စည်းတွေထဲမှာ ပါဝင်တဲ့ အဲဒီပစ္စည်းကို ဆေးဝါးတစ်မျိုးအဖြစ် သတ်မှတ်ဖို့ စဉ်းစားနေပါတယ်။