စပါးစိုက်ပျိုးရေးက ထွက်ရှိတဲ့ မီသိန်းဓာတ်ငွေ့ကို လျှော့ချပြီး ဂျပန်နဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်နိုင်တဲ့ ပမာဏကို လျှော့ချမယ်

ဖိလစ်ပိုင်က စပါးစိုက်ခင်းတွေကနေ ထုတ်လွှတ်တဲ့ မီသိန်းဓာတ်ငွေ့ပမာဏကို ဂျပန်နည်းပညာနဲ့လျှော့ချခြင်းအားဖြင့် ဂျပန်နဲ့ ဖိလစ်ပိုင်ဟာ နှစ်နိုင်ငံအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်နိုင်တဲ့ ပမာဏကို အတူတကွ လျှော့ချဖို့ သဘောတူခဲ့ပါတယ်။

ဂျပန်စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက ဖိလစ်ပိုင်နဲ့အတူ အဲဒီစီမံကိန်းရဲ့ အသေးစိတ်နဲ့ ပတ်သက်ပြီး သဘောတူခဲ့တယ်လို့ သောကြာနေ့မှာ ပြောခဲ့ပါတယ်။

စပါးစိုက်ခင်းတွေမှာ မီသိန်းဓာတ်ငွေ့ ထွက်ရှိစေတဲ့ ဘက်တီးရီးယားတွေရဲ့ လှုပ်ရှားမှုကို နှိမ်နင်းဖို့အတွက် စိုက်ခင်းတွေကနေ ရေ ပုံမှန် ထုတ်ဖို့နဲ့ မြေဆီလွှာကို အောက်ဆီဂျင်နဲ့ ထိတွေ့စေဖို့ နည်းပညာအထောက်အပံ့တွေကို ဂျပန်က ပေးအပ်မှာ ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

စပါးစိုက်ခင်းတွေကနေ ထွက်ရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏဟာ ကမ္ဘာတန်ဝန်းက လယ်ယာစိုက်ခင်းတွေကနေ ထွက်ရှိတဲ့ စုစုပေါင်းပမာဏရဲ့ ၄၈ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ဒါကို အဓိကဖြစ်စေတာက မီသိန်းဓာတ်ငွေ့ဖြစ်တယ်လို့ ဆိုကြပါတယ်။

ရေစိုတစ်ခါ ခြောက်တစ်လှည့် ရေသွင်းစိုက်ပျိုးနည်းစနစ်လို့ လူသိများတဲ့ အဲဒီနည်းပညာဟာ ရိတ်သိမ်းမှုပမာဏကို ၂၀ ရာခိုင်နှုန်းကျော် တိုးလာစေနိုင်ပြီး မီသိန်းဓာတ်ငွေ့ပမာဏကို ၃၅ ရာခိုင်နှုန်း လျော့ကျစေနိုင်ဖွယ် ရှိပါတယ်။

ဂျပန်နဲ့ ဖိလစ်ပိုင်ဟာ Joint Crediting Mechanism ဆိုတဲ့ မူဘောင်အရ နှစ်နိုင်ငံအနေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်နိုင်တဲ့ပမာဏကို လျှော့ချဖို့ သဘောတူခဲ့ပါတယ်။