တိုကျိုစားသုံးသူဈေးနှုန်း ဇွန်လမှာ ၂.၁ ရာခိုင်နှုန်း တက်

တိုကျိုမြို့တော်အတွက် လတ်တလော နောက်ဆုံးထွက်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းတွေအရ ဇွန်လမှာ စားသုံးသူစျေးနှုန်းတွေ ဆက်လက် တက်နေတာကို ပြသနေပါတယ်။

တိုကျိုရဲ့ မြို့နယ် ၂၃ ခုအတွက် စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) ဟာ ဇွန်လမှာ ဒီမတိုင်မီ ၁ နှစ်ကထက် ပဏာမ ၂.၁ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီကိန်းဂဏန်းဟာ သုံးလအတွင်း ပထမဆုံးအကြိမ် အဖြစ် ဂျပန်ဗဟိုဘဏ်ရဲ့ ၂ ရာခိုင်နှုန်း ရည်မှန်းချက်ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီအညွှန်းကိန်းမှာ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး စျေးနှုန်းအတက်အကျများတတ်တဲ့ လတ်ဆတ်တဲ့ အစားအစာတွေ မပါဝင်ပါဘူး။

လျှပ်စစ်ဓာတ်အားခကျသင့်ငွေဟာ နှစ်အလိုက်ကြည့်ရင် ၁၀.၈ ရာခိုင်နှုန်း တက်ခဲ့ပြီး ဓာတ်ငွေ့ကုန်ကျစရိတ်ဟာ ၃.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ဓာတ်အားခကျသင့်ငွေ မြင့်တက်လာတာကို ကာမိစေတဲ့ ထောက်ပံ့ကြေးတွေကို အစိုးရက လျှော့ချခဲ့ပြီး အဲဒါက ဒီလို တိုးလာမှု နောက်ကွယ်က အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

ပုပ်သိုးပျက်စီးလွယ်တဲ့ အစားအစာတွေ မပါဝင်တဲ့ စားသောက်ကုန်စျေးနှုန်းတွေဟာ ၃ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ဒါဟာ မေလကထက် ၀.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

တိုကျိုရဲ့ CPI ကို နိုင်ငံတစ်ဝန်း ငွေကြေးဖောင်းပွမှုရဲ့ ထိပ်တန်းညွှန်ပြချက်တစ်ခုအဖြစ် ယူဆထားပါတယ်။