အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ပထမအကြိမ် ရုပ်မြင်သံကြား စစကားစစ်ထိုးပွဲမှာ သမ္မတ Biden နဲ့ မစ္စတာ Trump တို့ အပြင်းအထန် စကားနိုင်လု

အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်မီ ပြုလုပ်တဲ့ ပထမအကြိမ် ရုပ်မြင်သံကြားကနေ စကားစစ်ထိုးပွဲမှာ အပြန်အလှန် အပြင်းအထန် ထိုးနှက်ခဲ့ကြပါတယ်။

အမည်စာရင်းတင်သွင်းခံရမယ်လို့ ယူဆရတဲ့ ဒီမိုကရက်တစ်ပါတီက မစ္စတာ Biden နဲ့ ရီပတ်ဘလီကန်ပါတီက မစ္စတာ Trump တို့အကြား စကားစစ်ထိုးပွဲကို ကြာသပတေးနေ့က ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ၂၀၂ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲနောက်ပိုင်း သူတို့နှစ်ဦးကြား ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပါတယ်။

မိနစ် ၉၀ ကြာမြင့်တဲ့ စကားစစ်ထိုးပွဲရဲ့ ပထမဆုံးအကြောင်းအရာဟာ ငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။ မစ္စတာ Biden က သူ သမ္မတတာဝန်လွှဲပြောင်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် မှာ "ဆိုးရွားတဲ့" စီးပွားရေးကို မစ္စတာ Trump ထားရစ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်တုန်းက အလုပ်လက်မဲ့နှုန်းဟာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တဲ့အတွက် အလုပ်အကိုင်တွေကို ဖန်တီးပေးခြင်းအားဖြင့် အလုပ်အကိုင်ရရှိစေဖို့နဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအတွက် နဲ့ COVID ကာလ ပြီးတဲ့နောက် " ပြန်လည် ဦးမော့လာတဲ့" အလုပ်အကိုင်တွေကိုပဲ မစ္စတာ Biden က ဖန်တီးပေးခဲ့တာဖြစ်ကြောင်း မစ္စတာ Trump က ပြောပါတယ်။ မစ္စတာ Biden လက်ထက်မှာ လက်ရှိဖြစ်ပွားနေတဲ့ ငွေကြေးဖောင်းပွမှုဟာ "ကျွန်တော်တို့ကို ဖျက်ဆီးနေတယ်" လို့ မစ္စတာ Trump က ပြောပါတယ်။

သူတို့ဟာ သမိုင်းမှာ "အဆိုးဆုံးသမ္မတ" ဖြစ်တယ်လို့ တစ်ယောက်ကိုတစ်ယာက် မကြာခဏ စွပ်စွဲရင်းနဲ့ အဓိကကျတဲ့ တခြားကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ Biden ရဲ့ အသံဟာ ကွဲအက်နေပြီး ထစ်နေတဲ့အတွက် မစ္စတာ Biden ဟာ အားမရှိပဲ တည်တည်ငြိမ်ငြိမ်လည်း ဖြစ်မနေဘူးလို့ အမေရိကန်မီဒီယာတစ်ချို့က ဆိုကြပါတယ်။