ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားတို့ ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အရှေ့တရုတ်ပင်လယ်ထဲမှာ အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားတို့နဲ့ ၃ နိုင်ငံ စစ်ရေးလေ့ကျင့်မှု စတင်လိုက်ပြီလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားစစ်တပ်တွေဟာ စနေနေ့အထိ Freedom Edge လို့ခေါ်တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Theodore Roosevelt အပါအဝင် ၃ နိုင်ငံက ရေတပ်သင်္ဘော ခုနစ်စင်းဟာ တိုက်လေယာဉ်တွေ၊ ကင်းလှည့်လေယာဉ်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လုပ်ဆောင်နေပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ပဲ့ထိန်းဒုံးကျည်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တုံ့ပြန်တိုက်ခိုက်ဖို့ လေ့ကျင့်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ သုံးနိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး လွတ်လပ်မှုကို ကာကွယ်ဖို့ သူတို့ရဲ့ သဘောဆန္ဒကို သရုပ်ပြခြင်းအားဖြင့် ကိုရီးယားကျွန်းဆွယ်အပါအဝင် အင်ဒိုပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို သေချာစေဖို့ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့လို နိုင်ငံတွေကို သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပြသဖို့ ရည်ရွယ်ပြီး အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်တယ်လို့ ရှုမြင်နေကြပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည်တွေကို အကြိမ်ကြိမ် ပစ်လွှတ်နေပါတယ်။

မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့က ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်နေတဲ့ အတောအတွင်း အဲဒီစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။