တောင်တက်လမ်းတွေ မဖွင့်ခင်မှာ ဖူဂျီတောင်ကို တက်ခဲ့သူ ၄ ဦး သေဆုံးခဲ့

ဂျပန် အာဏာပိုင်တွေဟာ ဘေးကင်းကင်းနဲ့ တက်နိုင်ချိန် မတိုင်ခင်မှာ ဖူဂျီတောင်ကို မတက်ကြဖို့ သတိပေးထားပါတယ်။ တောင်တက်လမ်းတွေ ပိတ်ထားတဲ့အချိန်မှာ တောင်တက်သူ ၄ ဦး သေဆုံးနေတာကို အာဏာပိုင်တွေက တွေ့ခဲ့ရပါတယ်။

အသက် ၅၃ နှစ်အရွယ် ခင်ပွန်းဖြစ်သူဟာ ဖူဂျီတောင်တက်ဖို့ သွားခဲ့တဲ့နောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ တိုကျိုမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဆက်သွယ်လာခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်။

ရဲတွေက အဲဒီအမျိုးသားကို ရှာဖွေဖို့ သွားခဲ့တဲ့အခါ တောင်ထိပ်ရဲ့ တောင်ဘက်ခြမ်း မီးတောင်ချိုင့်ဝှမ်းအနားမှာ နှလုံးခုန်ရပ်နေတဲ့ အခြေအနေနဲ့ လူ ၃ ဦးကို တွေ့ရှိခဲ့ပါတယ်။

အဲဒီတောင်တက်သမားတွေကို မတူညီတဲ့နေရာတွေမှာ သီးခြားစီ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရဲတွေက သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာနဲ့ ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာတွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေပါတယ်။

မြောက်ဘက်ခြမ်းမှာတော့ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး လဲကျပြီး သတိလစ်မေ့မျောသွားခဲ့ပါတယ်။ သူ့ကို ဆေးရုံတစ်ခုဆီ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

Shizuoka ခရိုင်က တောင်တက်လမ်း ၃ လမ်းနဲ့ Yamanashi ခရိုင်က တောင်တက်လမ်း တစ်လမ်းကို ဇူလိုင်လအထိ တောင်တက်ရာသီအဖြစ် ဖွင့်မပေးပါဘူး။ ဒါပေမဲ့ တချို့လူတွေက ဖူဂျီတောင်ပေါ်ကို တက်နေကြပါတယ်။

Shizuoka ခရိုင်တာဝန်ရှိသူတွေက တောင်တက်ရာသီ လမ်းတွေမဖွင့်ခင်မှာ အဲဒီလမ်းတွေကို စစ်ဆေး ပြုပြင်ပါတယ်။ ဒါပေမဲ့ လမ်းတွေပိတ်ထားတဲ့အခါ မှန်ကန်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေကို မလုပ်ဆောင်နိုင်ပါဘူး။ တည်းခိုရေးအဆောက်အအုံ အများအပြားနဲ့ အကူအညီပေးရေးစခန်းတွေ ပိတ်ထားကြပါတယ်။

ရာသီမတိုင်ခင် အဲဒီလမ်းတွေကနေ တောင်တက်တာဟာ အန္တရာယ်များတယ်လို့ တာဝန်ရှိသူတွေက ထောက်ပြပါတယ်။ အကဲစမ်းပြီး တောင်တက်တာ မလုပ်ကြဖို့ သူတို့က တိုက်တွန်းနေပါတယ်။