ဟစ်ဇ်ဘိုလာဘက်ကို တိုက်ခိုက်မှု မြားဦးလှည့်ဖို့ အရိပ်အမြွက်ပြောခဲ့တာအတွက် အစ္စရေးဝန်ကြီးချုပ်ကို တူရကီသမ္မတ အပြစ်တင်

လက်ဘနွန်အခြေစိုက် ရှီယာမွတ်ဆလင် ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်မယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အရိပ်အမြွက်ပြောကြားချက်ကို တူရကီသမ္မတ Recep Tayyip Erdogan က အပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မစ္စတာ Netanyahu က အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်ရေးအဆင့် အဆုံးသတ်တော့မှာဖြစ်ကြောင်း ဒေသတွင်း မီဒီယာတစ်ခုကို တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာကို တိုက်ခိုက်ဖို့အတွက် တပ်ဖွဲ့ဝင်တွေ ပိုမိုချထားမယ်လို့ သူက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

မစ္စတာ Erdogan က အစ္စရေးဟာ ဂါဇာကို ပြာပုံဖြစ်စေခဲ့ပြီးနောက် အခုအခါ လက်ဘနွန်ဘက် မြားဦးလှည့်လာပုံရတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါအပြင် သူက မစ္စတာ Netanyahu ရဲ့ စစ်ပွဲကို ဖြန့်ကျက်မယ့် အစီအစဉ်ဟာ ဆိုးရွားတဲ့ကပ်ဘေးအနေအထားဆီကို ဦးတည်စေလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း အစ္စရေးနဲ့ လက်ဘနွန်ကို သွားရောက်ခဲ့တဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဂျာမန်မီဒီယာတစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မီးစ် Baerbock က အရေးကြီးဆုံးအချက်ဟာ သံတမန်ရေးနည်းလမ်းအားလုံးကို အသုံးပြုဖို့ဖြစ်ပြီး တင်းမာမှုဖြေလျှော့ရေးအတွက် ဂျာမနီနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။