ယူကရိန်းစစ်တပ်ရဲ့ တပ်မှူး အစားထိုးခန့်အပ်

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ရုရှားကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ ယူကရိန်းစစ်တပ်ရဲ့ ပူးတွဲတပ်ဖွဲ့တွေကို ကြီးကြပ်တဲ့ တပ်မှူးကို တခြားသူတစ်ဦးနဲ့ အစားထိုးလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး Yuriy Sodol ရဲ့ ရာထူးနေရာမှာ ဗိုလ်မှူးချုပ် Andriy Hnatov ကို အစားထိုးခန့်အပ်မှာ ဖြစ်တယ်လို့ မစ္စတာ Zelenskyy က တနင်္လာနေ့က ဗီဒီယိုသတင်းစကားတစ်ခုကနေ ကြေညာခဲ့ပါတယ်။

အဲဒီလို အစားထိုးခန့်အပ်ရတဲ့ အကြောင်းရင်းကို မစ္စတာ Zelenskyy က ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ မစ္စတာ Sodol လက်အောက်မှာ စစ်တပ်ဟာ ပျက်စီးဆုံးရှုံးမှု အများအပြား ရှိခဲ့တဲ့အပေါ် တချို့ တပ်ဖွဲ့တွေရဲ့ ဝေဖန်မှုတွေ တိုးလာနေကြောင်း ယူကရိန်းမီဒီယာတချို့က ဆိုပါတယ်။

ဖေဖော်ဝါရီလမှာ အဲဒီတုန်းက နာမည်ကျော်ကြားတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း Valerii Zaluzhnyi ကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် အခုလို လုပ်ဆောင်ချက် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ New York Times သတင်းစာက မှတ်ချက်ပြုခဲ့ပါတယ်။

မစ္စတာ Zelenskyy ရဲ့ ဆုံးဖြတ်ချက်တွေဟာ "စစ်တပ်ရဲ့ စည်းလုံးညီညွတ်မှုကိုခြိမ်းခြောက်နေတယ်" လို့ အဲဒီသတင်းစာက ဖော်ပြထားပါတယ်။

အဲဒီရာထူးအပြောင်းအလဲဟာ ယူကရိန်းတပ်တွေ ရုန်းကန်တိုက်ခိုက်နေရတဲ့ နိုင်ငံအရှေ့ပိုင်းက အခြေအနေတွေကို ကောင်းမွန်လာစေရာမှာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ယူကရိန်းပြည်သူတွေက ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေဟာ အင်မတန် အားကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရပြီး အဲဒီရာထူးအပြောင်းအလဲဟာ ကောင်းဖို့အတွက် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း မြို့တော် Kyiv မှာ နေထိုင်သူတစ်ဦးက NHK ကို အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။