ဂျပန်၊တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးတွေက ယန်းငွေနဲ့ဝမ်ငွေတန်ဖိုး ကျလာတဲ့အပေါ် စိုးရိမ်ကြောင်းဆို

ဂျပန်နဲ့တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးတွေက သူတို့ရဲ့နိုင်ငံသုံး ငွေကြေးတန်ဖိုး ကျလာနေတာကို စိုးရိမ်နေတယ်လို့ အင်္ဂါနေ့က ဆွေးနွေးပွဲမှာ ပြောကြားခဲ့ကြပါတယ်။ ငွေလဲနှုန်း အလွန်အကျွံ အတက်အကျဖြစ်နေတာကို တုံ့ပြန်လုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi နဲ့ တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး Choi Sang-mok တို့ဟာ တောင်ကိုရီးယားရဲ့မြို့တော် ဆိုးလ်မှာ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုဟာ အိမ်နီးချင်းနိုင်ငံတွေအကြား ဆက်ဆံရေး တိုးတက်လာနေတာကို ရောင်ပြန်ဟပ်ပြသနေတယ်လို့ ရှုမြင်ရပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာ အဆင့်အမျိုးမျိုး ဆွေးနွေးပွဲတွေ ကျင်းပနေတယ်လို့ မစ္စတာ Suzuki က ပြောကြားခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

မစ္စတာ Choi က နှစ်နိုင်ငံဟာ ဘုံပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မိတ်ဖက်တွေဖြစ်ပြီး သင့်လျော်တဲ့မူဝါဒတွေချမှတ်ဖို့အတွက် နှစ်နိုင်ငံတို့ရဲ့အတွေ့အကြုံတွေကို ဖလှယ်ဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ နှစ်နိုင်ငံစလုံးရဲ့ ငွေကြေးတန်ဖိုးတွေ အလျင်အမြန် ကျဆင်းနေတာနဲ့ပတ်သက်ပြီး အထူးစိုးရိမ်နေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာ နိုင်ငံခြားငွေလဲလှယ်တဲ့ဈေးကွက်မှာ စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့လှုပ်ရှားမှုတွေကို တုံ့ပြန်ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။