အိုကီနာဝါမိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အမေရိကန်လေတပ်ဖွဲ့ဝင်ကို မတ်လက စွဲချက်တင်ခဲ့

ဂျပန်တောင်ပိုင်း၊ အိုကီနာဝါခရိုင်အခြေစိုက် အမေရိကန်လေတပ်ရဲ့တပ်ဖွဲ့ဝင်ကို အရွယ်မရောက်သေးတဲ့ ဒေသခံမိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ မတ်လတုန်းက စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလက အသက် ၂၅ နှစ်အရွယ် Brennon Washington ဟာ အိုကီနာဝါ ကျွန်းမကြီးရဲ့ အလယ်ပိုင်းက ပန်းခြံတစ်ခုမှာ အဲဒီကျူးလွန်ခံရသူ မိန်းကလေးအနီးချဉ်းကပ်ခဲ့ပြီး ကားတစ်စီးနဲ့ တင်ဆောင်ခေါ်ထုတ်သွားခဲ့တယ်လို့ စွဲချက်တင် ခံထားရပါတယ်။ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး သိကျွမ်းသူတွေ မဟုတ်ခဲ့ကြပါဘူး။

အဲဒီကနေ ကားနဲ့မောင်းထွက်မသွားခင် သူက မိန်းကလေးကို သူ့အိမ်မှာ ချက်ပြုတ်ပြီး ရုပ်ရှင်ကြည့်ကြဖို့ခေါ်ခဲ့ပြီး အဲဒီနောက် မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

မိန်းကလေးဘက်ကတိုင်ကြားချက်ကို လက်ခံရရှိပြီးနောက် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး သံသယရှိသူရဲ့စာရွက်စာတမ်းတွေကို မတ်လ ၁၁ ရက်နေ့မှာ နာဟာခရိုင် စုံစမ်း‌စစ်ဆေးရေးမှူးရုံးကို ပေးပို့ခဲ့ပါတယ်။ စုံစမ်း‌စစ်ဆေးရေးမှူးတွေက မတ်လ ၂၇ ရက်နေ့မှာ စွဲချက်တင်ခဲ့ပါတယ်။

အဲဒီအမှုရဲ့ကြားနာမှုကို ဇူလိုင်လ ၁၂ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်။

အရွယ်မရောက်သေးသူတစ်ဦးကို ပစ်မှတ်ထားတဲ့ အဲဒီဖြစ်ရပ်ဟာ အမေရိကန်အခြေစိုက်စခန်းတွေအနီးမှာ နေထိုင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် သိသိသာသာစိုးရိမ်ပူပန်မှု ဖြစ်စေတယ်လို့ အိုကီနာဝါခရိုင်အုပ်ချုပ်ရေးမှူး Tamaki Denny က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာအပေါ် ကြီးကြီးမားမား ထိခိုက်စေတယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။