ကိုရီးယားစစ်ပွဲ နှစ်ပတ်လည်နေ့မှာ အမေရိကန်ဆန့်ကျင်ရေး လူထုစုဝေးပွဲကြီးကို မြောက်ကိုရီးယား ပြုလုပ်

ကိုရီးယားစစ်ပွဲ ၇၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အမေရိကန်ဆန့်ကျင်ရေး လူထုစုဝေးပွဲကြီးကို အင်္ဂါနေ့က မြောက်ကိုရီးယားမှာ ပြုလုပ်ခဲ့ပါတယ်။ ပါဝင်သူတွေက မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယားစွမ်းရည် အားကောင်းလာအောင် ဆောင်ရွက်ရေး သူတို့ရဲ့ သန္နိဋ္ဌာန်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အလုပ်သမားနဲ့ ကျောင်းသားအပါအဝင် လူပေါင်း ၁၀၀,၀၀၀ ကျော်ဟာ ပြုံယမ်းက အားကစားကွင်းတစ်ခုမှာ ပြုလုပ်တဲ့ အဲဒီစုဝေးပွဲမှာ ပါဝင်ခဲ့ကြတယ်လို့ မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီရဲ့ Rodong Sinmun သတင်းစာက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ အထင်ကရလမ်းစဉ်မှာ ပိတ်ပင်နေသူတွေကို ဖယ်ရှားဖို့အတွက် သူ့ရဲ့ အပြင်းထန်ဆုံး စစ်ပွဲဟန့်တားနိုင်စွမ်းကို အခုထက် အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင် တိုးမြှင့်မှာ ဖြစ်တယ်ဆိုတဲ့ ပါဝင်သူတစ်ဦးရဲ့ ပြောကြားချက်ကို အဲဒီသတင်းစာက ဖော်ပြခဲ့ပါတယ်။

အဲဒီနောက် လူထုစုဝေးပွဲမှာ ပါဝင်သူတွေဟာ "ကိုရီးယားပြည်သူတွေရဲ့ ထာဝရရန်သူ ဖြစ်တဲ့ ကျူးကျော်သူအမေရိကန်ကို ဖျက်ဆီးကြ" ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားဟာ အာဏာရအလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ မျက်နှာစုံညီ အစည်းအဝေးကို အခုသီတင်းပတ်အတွင်း ပြုလုပ်ဖွယ် ရှိပါတယ်။ ဒါဟာ ၆ လအတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ မျက်နှာစုံညီအစည်းအဝေး ဖြစ်လာမှာပါ။

ရုရှားနိုင်ငံနဲ့အကြား ဆက်ဆံရေးကို ခေါင်းဆောင် Kim Jong Un က ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အပေါ် အာရုံစိုက်မှုတွေ ရှိနေပါတယ်။