ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ဂျာမနီ၊ ပြင်သစ်၊ စပိန်တို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်

ဂျပန်လေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ASDF) ဟာ ဂျာမနီ၊ ပြင်သစ်၊ စပိန်တို့နဲ့အတူ ဂျပန်နိုင်ငံတွင်းမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဇူလိုင်လထဲ ပြုလုပ်မယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ဟာဝိုင်အီနဲ့ ဩစတြေးလျအပါအဝင် ဒေသတွေထဲမှာ ဇွန်လလယ်ကနေစပြီး နှစ်လလောက်ကြာမြင့်မယ့် အဲဒီဥရောပသုံးနိုင်ငံက လေတပ်တွေအကြား လက်ရှိပြုလုပ်နေတဲ့ "Pacific Skies" စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီဥရောပသုံးနိုင်ငံက တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ ဆီဖြည့်လေယာဉ်တွေ အပါအဝင် လေယာဉ် အစင်း ၃၀ ကျော်ကို ဂျပန်မှာ ဇူလိုင် ၁၉ ရက်ကနေ ၂၅ ရက်အထိ ချထားမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

သုံးနိုင်ငံက လေတပ်လေယာဉ်တွေ ဂျပန်တွင်း တစ်ချိန်တည်းမှာ ချထားမယ်ဆိုတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အဲဒီလေယာဉ်တွေဟာ ဟော့ကိုင်းဒိုးနဲ့ ကန်တိုဒေသအနီးက ကောင်းကင်ယံမှာ ဂျပန် ASDF တိုက်လေယာဉ်တွေနဲ့အတူ လေ့ကျင့်မှုတွေပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး Kihara Minoru က အဲဒီလေယာဉ်တွေ ဂျပန်ကို ရောက်လာတာက အင်ဒို-ပစိဖိတ်ဒေသမှာ သူတို့ရဲ့ ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို ပြဖို့ဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ဟာ လွတ်လပ်ပြီးပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ အကောင်အထည်ဖော်ရေး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။