Suzhou မှာ တိုက်ခိုက်ခံရပြီးနောက် တရုတ်နိုင်ငံရှိ ဂျပန်လူမျိုးစာသင်ကျောင်းတွေ လုံခြုံရေး တင်းကျပ်

တရုတ်နိုင်ငံ အရှေ့ပိုင်း Suzhou မြို့မှာ ဂျပန်ကျောင်းသားကလေးတွေကို တင်ဆောင်လာတဲ့ ဘတ်စကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် တရုတ်နိုင်ငံတွင်းရှိ ဂျပန်လူမျိူးစာသင်ကျောင်းတွေမှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ပြုလုပ်လိုက်ပါတယ်။

တနင်္လာနေ့မှာ ကျောင်းကားတစ်စီး မှတ်တိုင်တစ်ခုသို့ ရောက်လာချိန်မှာ ဓားကိုင်ဆောင်ထားပုံရတဲ့ အမျိုးသားတစ်ဦးက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရှန်ဟိုင်းမြို့ရှိ ဂျပန်ကောင်စစ်ဝန်ရုံးက ပြောပါတယ်။

အဲဒီယာဉ်ဟာ Suzhou ရှိ ဂျပန်လူမျိုးကျောင်းတစ်ကျောင်းက ကျောင်းသားတွေကို အိမ်ပြန်ပို့ဖို့ တင်ဆောင်လာတာဖြစ်တယ်လို့ အဲဒီရုံးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဂျပန်လူမျိုးမိခင်တစ်ဦးနဲ့ သူ့ရဲ့ကလေးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကောင်စစ်ဝန်ရုံးအရာရှိတွေက ပြောပါတယ်။ တရုတ်ဘတ်စ်ကား ဝန်ထမ်းတစ်ဦး ဓားထိုးခံခဲ့ရပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သူတို့က ပြောပါတယ်။

တိုက်ခိုက်သူဟာ တရုတ်လူမျိုးတစ်ဦးလို့ ယူဆရပါတယ်။ သူ့ကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ သိရပေမဲ့ အဲဒီလူရဲ့ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Suzhou ရှိ ကျောင်းဟာ အင်္ဂါနေ့မှာ ပိတ်ထားပါတယ်။

ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တရုတ်နိုင်ငံတွင်းရှိ တခြားနေရာတွေမှာ ဂျပန်လူမျိုးစာသင်ကျောင်းတွေ ပုံမှန်အတိုင်း သင်တန်းတွေ ဖွင့်လှစ်ထားတယ်လို့ ဘေဂျင်းရှိ ဂျပန်သံရုံးက ပြောပါတယ်၊ ဒါပေမဲ့ လုံခြုံရေးကို တင်းကျပ်ပေးဖို့ ဒေသန္တရအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်ရဲ့ကလေးတွေ ကျောင်းသွားကျောင်းပြန်လမ်းကို ကြည့်ရှုစောင့်ရှောက်ပါလို့ မေတ္တာရပ်ခံထားပါတယ်။

တိုကျိုမှာ အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က အဲဒီဖြစ်ရပ်အတွက် ဝမ်းနည်းရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိခိုက်ခဲ့ရသူတွေ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။