Mitsui ကုမ္ပဏီ ပါဝင်တဲ့ UAE စီမံကိန်းက ၂၀၂၇ ခုနှစ်က စပြီး အမိုးနီးယား ထုတ်လုပ်မယ်

ဂျပန်ကုန်သွယ်ရေးကုမ္ပဏီ Mitsui & Co. ပါဝင်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုက စီမံကိန်းဟာ ၂၀၂၇ ခုနှစ်က စပြီး အမိုးနီးယားထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

မီးရှို့ရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းမရှိတာကြောင့် အမိုးနီးယားကို မျိုးဆက်သစ်စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

အဲဒီစီမံကိန်းကို Abu Dhabi အစိုးရပိုင် စွမ်းအင်ကုမ္ပဏီအုပ်စု ADNOC က ဦးဆောင်လုပ်ကိုင်နေပါတယ်။

အဲဒီစီမံကိန်းဟာ ၂၀၂၇ ခုနှစ်က စပြီး နှစ်စဉ် အမိုးနီးယားတန်ချိန် ၁ သန်း ထုတ်လုပ်မှာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

Mitsui ဟာ ထုတ်လုပ်မှုတချို့ကို ဂျပန်နဲ့ တခြားအာရှနိုင်ငံတွေကို တင်ပို့ဖို့ စီစဉ်ထားပါတယ်။ အဲဒီလောင်စာတွေကို သင်္ဘောနဲ့ ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

Mitsui ရဲ့ ရင်းနှီးမြှုပ်နှံငွေတချို့ကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်နဲ့ Sumitomo Mitsui Banking Corporation ရဲ့ ချေးငွေကနေ ရယူမှာ ဖြစ်ပါတယ်။

Mitsui ရဲ့ တာဝန်ရှိသူတွေက သူတို့ဟာ အမိုးနီးယားဓာတ်ငွေ့ ပုံမှန် ဖြန့်ချိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အဲဒီကုမ္ပဏီဟာ အမေရိကန်မှာလည်း အမိုးနီးယားကို နှစ်စဉ် တန်ချိန် ၁ သန်း ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။