ခရိုင်းမီးယားဒေသတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားက အမေရိကန်သံအမတ်ကို ဆင့်ခေါ်

ခရိုင်းမီးယားဒေသကို ယူကရိန်းက အသေအကြေ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဖို့ ရုရှားအစိုးရဟာ အမေရိကန်သံအမတ်ကို ဆင့်ခေါ်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ယူကရိန်းဟာ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်တွေ အသုံးပြုခဲ့တယ်လို့ ရုရှားက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ အများအပြား ထိခိုက်ပျက်စီးစေတဲ့ လက်နက်ထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ တာဝေးပစ် ATACMS ဒုံးကျည် ၅ ခုကို အသုံးပြုထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ တနင်္လာနေ့မှာ အမေရိကန်သံအမတ် Lynne Tracy ကို ဆင့်ခေါ်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် လူ ၄ ဦး သေဆုံးပြီး ၁၅၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားအစိုးရက တင်ထားတဲ့ Sevastopol အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

အမေရိကန်ဟာ ယူကရိန်းကို အဆင့်မြင်ဆုံး လက်နက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် ပဋိပက္ခမှာ အမှန်တကယ်ပါဝင်သူ ဖြစ်လာခဲ့တယ်လို့ အမေရိကန်သံအမတ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွက် အမေရိကန်ဟာ ယူကရိန်းနဲ့ "အလားတူတာဝန်" ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။ "တန်ပြန်ဆောင်ရွက်မှုတွေကို သေချာပေါက် လုပ်ဆောင်မှာ ဖြစ်တယ်" လို့လည်း သတိပေးခဲ့ပါတယ်။

ယူကရိန်းသမ္မတရဲ့ အကြံပေးအရာရှိ Mykhailo Podolyak က အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုခဲ့ပါတယ်။ ခရိုင်းမီးယားဟာ ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေဖြစ်ပြီး တိုက်ပွဲအပြည့်အဝ ဆင်နွှဲနိုင်တဲ့ နေရာဖြစ်တယ်လို့ သူက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။