ဖူဂျီတောင်ကို ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာက အကာအရံမှာ နောက်ထပ် အပေါက်တစ်ပေါက် တွေ့ရှိ

ဂျပန်နိုင်ငံအလယ်ပိုင်းက နာမည်ကျော် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတစ်နေရာမှာ ဖူဂျီတောင်မြင်ကွင်ကိုကွယ်ထားဖို့ တပ်ဆင်ထားတဲ့ အနက်ရောင် အကာအရံတစ်ခုမှာ ၁၀ စင်တီမီတာကျော် အပေါက်တစ်ပေါက်ကို တွေ့ရှိခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ကို ယာမနရှိ ခရိုင် Fujikawaguchiko မြို့က ၂၄နာရီ စတိုးဆိုင်ရဲ့ အပေါ်ပိုင်းကနေ မြင်တွေ့နိုင်ပါတယ်။ အဲဒီမြင်ကွင်းဓာတ်ပုံတွေ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီးတဲ့အခါ စတိုးဆိုင်တစ်ဝိုက်က ဧရိယာကို ပြည်ပခရီးသွားတွေ ရောက်လာခဲ့ကြပါတယ်။

ခရီးသွားတချို့က အဲဒီဆိုင်ရှေ့က လူစည်ကားတဲ့လမ်းကို ဖြတ်ကူးပြီး ဓာတ်ပုံရိုက်ဖို့ ခွင့်ပြုချက်မတောင်းဘဲ ပုဂ္ဂလိကအဆောက်အအုံထဲ ဝင်ရောက်ခဲ့ကြပါတယ်။ မြို့အုပ်ချုပ်ရေးအဖွဲ့က ဖူဂျီတောင်ရှုခင်းကိုဖုံးကွယ်ဖို့ အနက်ရောင် အကာအရံတစ်ခုကို တပ်ဆင်ခဲ့ပါတယ်။

တနင်္လာနေ့ မနက်ပိုင်းက အဲဒီအကာအရံမှာ ၁၃ စင်တီမီတာ အရှည် ဒေါင်လိုက် ပြဲနေတဲ့နေရာကို တွေ့ရှိခဲ့တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။

စနေနေ့က တွေ့ခဲ့တဲ့ အပေါက်တစ်ပေါက်ကို ဖာထေးခဲ့ပြီးပြီလို့ သူတို့က ပြောပါတယ်။ ဒီလိုအပေါက်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ သူတို့က သံသယရှိနေပါတယ်။

တာဝန်ရှိသူတွေက ပိုပြီးခိုင်ခန့်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အကာအရံနဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။

ခရီးသွားတွေနဲ့ ယာဉ်တွေ အန္တရာယ်ကင်းစေဖို့သာမက နေထိုင်သူတွေအတွက် အေးချမ်းတဲ့ဘဝနေထိုင်မှုကိုပါ ထိန်းသိမ်းနိုင်ဖို့ အကာအရံကို တပ်ဆင်ထားတာဖြစ်တယ်လို့ဆိုရင်း ဒီအကာအရံကို မဖျက်ဆီးဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။ ဖူဂျီတောင်ရဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်တဲ့ ဒီမြို့ထဲက တခြားနေရာတွေကို လာရောက်လည်ပတ်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သူတို့က ပြောပါတယ်။