ဂျပန်ကိုလာတဲ့ ပိုက်ဆံရှိတဲ့ခရီးသွားဧည့်သည်တွေအတွက် သက်သောင့်သက်သာ ခရီးသွားလာရေး

ဂျပန်နိုင်ငံက ခရီးသွားလုပ်ငန်းတွေဟာ ပိုက်ဆံချမ်းသာတဲ့ နိုင်ငံခြား ခရီးသွားတွေကို ပို့ဆောင်ပေးဖို့ နိုင်ငံတစ်ဝန်း သွားလာရာမှာ ပိုပြီးမြန်ဆန်၊ သက်သောင့်သက်သာရှိတဲ့ နည်းလမ်းတွေကို စတင်လုပ်ဆောင်ပေးနေကြပါတယ်။

Honda Motor က အခုလအတွင်းမှာ လုပ်ငန်းသုံးဂျက်လေယာဉ်မျှဝေသုံးစွဲတဲ့ ဝန်ဆောင်မှုကို စတင်ခဲ့ပြီးနောက်မှာ တိုကျိုက ခရီးသွားအေဂျင်စီတစ်ခုက အဲဒါကို အလည်သွားစရာနေရာတွေဆီ ပျံသန်းဖို့အသုံးပြုနေပါတယ်။

ပိုက်ဆံသုံးစွဲနိုင်တဲ့ ဧည့်သည်တွေအနေနဲ့ ရထား ဒါမှမဟုတ် ဘတ်စကားတွေပေါ်မှာ နာရီပေါင်းများစွာ အချိန်ကုန်မခံဘဲ ဒေသန္တရမြို့တွေဆီကို HondaJet နဲ့ မြန်မြန်ဆန်ဆန် ပျံသန်းသွားနိုင်ပြီ ဖြစ်ပါတယ်။

အဲဒီလေယာဉ်ကို Honda လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုက တီထွင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကတည်းက ဝန်ဆောင်မှု စတင်ခဲ့တာဖြစ်ပါတယ်။

စျေးနှုန်းကတော့ ဟီရိုရှီးမားကို အသွားအပြန်ခရီးအတွက် တစ်ဦးကို ယန်း ၁.၅ သန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၉,၄၀၀ နီးပါးက စတင်ပါတယ်။

နောက်ဥပမာတစ်ခုကတော့ တိုကျိုအခြေစိုက် တက်သစ်စ ကုမ္ပဏီတစ်ခုက နိုဝင်ဘာလကစပြီး ရဟတ်ယာဉ်နဲ့ ဇိမ်ခံကား ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အများသုံး သယ်ယူပို့ဆောင်ရေးကိုအစားထိုးမယ့် ရွေးချယ်မှုတစ်ခုအနေနဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေဟာ ခိုင်မာတဲ့ ဝယ်လိုအား ရှိနေတယ်လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။

ပိုက်ဆံချမ်းသာတဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ အစပျိုးလုပ်ဆောင်မှုတွေဟာ ဂျပန်က ကျေးလက်ဒေသတွေဆီ စီးပွားရေးအကျိုးအမြတ်တွေ ယူဆောင်လာရေးအတွက် အရေးပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။