ရုရှားနယ်မြေကို ယူကရိန်းက အမေရိကန်လက်နက်တွေ အသုံးပြုတိုက်ခိုက်မှုအတွက် အမေရိကကို မြောက်ကိုရီးယားအရာရှိ အပြစ်တင်

မြောက်ကိုရီးယားရဲ့ ထိပ်တန်းစစ်ဘက်အရာရှိတစ်ဦးက နယ်စပ်ကိုကျော်ဖြတ်ပြီး ရုရှားပိုင်နက်နယ်မြေကို အမေရိကန်ကထောက်ပံ့ပေးထားတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကို ခွင့်ပေးပြုခဲ့တာအတွက် အမေရိကန်ပြည်ထောင်စုကို ဝေဖန်အပြစ်တင်ခဲ့ပါတယ်။

ကိုရီးယားအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Pak Jong Chon က တနင်္လာနေ့မှာ ကိုရီးယားဗဟိုသတင်းအေဂျင်စီကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ယူကရိန်းအရှေ့ပိုင်းကို ကာကွယ်ရေးအတွက် ရုရှားပိုင်နက်ထဲကို အကန့်အသတ်နဲ့တိုက်ခိုက်မှုတွေအတွက် အမေရိကန်လက်နက်တွေ အသုံးပြုဖို့ ယူကရိန်းကို ခွင့်ပြုတဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရည်ညွှန်းထားပါတယ်။

အမေရိကရဲ့ လုပ်ဆောင်ချက်ဟာ ရုရှားဆီက ပိုပြီးပြင်းထန်တဲ့ တုံ့ပြန်မှုကို မလွဲမသွေ ဖြစ်ပေါ်စေမှာဖြစ်ပြီး "ရုရှားနဲ့ အလုံးစုံ စစ်ရေးပဋိပက္ခဖြစ်မှုနဲ့ ကမ္ဘာစစ်အသစ်တစ်ခုကို ပေါ်ပေါက်စေပြီး အဆိုးရွားဆုံး အကျိုးဆက်တွေ ဖြစ်လာစေမယ်" လို့ မစ္စတာ Pak က ပြောကြားခဲ့ပါတယ်။

သူက ဒါဟာ ရုရှားအတွက် မဟာဗျူဟာမြောက် တန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်ရေး တရားမျှတတဲ့ မိမိကိုယ်ကိုယ် ကာကွယ်တဲ့ လုပ်ဆောင်ချက် ဖြစ်လာမယ်လို့ ဆိုရင်း ရုရှားအစိုးရဘက်က ရပ်တည်မယ့် မြောက်ကိုရီးယားရဲ့ သဘောထားကို အလေးပေးပြောကြားခဲ့ပါတယ်။

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားကို သွားရောက်လခဲ့တဲ့ ရုရှားသမ္မတ Vladimir Putin နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့အကြား ဇွန် ၁၉ ရက်နေ့က ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာ Pak ပါဝင်တက်ရောက်ခဲ့ပါတယ်။

မစ္စတာ Pak ရဲ့ ကြေညာချက်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားအကြား ကြီးထွားလာတဲ့ စစ်ရေးဆိုင်ရာဆက်ဆံရေးကို အလေးပေးဖော်ပြဖို့ ရည်ရွယ်တာလို့ ယူဆရပါတယ်။

မစ္စတာ Putin ရဲ့ ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးဟာ အပြန်အလှန် စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ပတ်သက်တဲ့ ကတိကဝတ်တွေ ပါဝင်တဲ့ စာချုပ်အသစ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။