ရုရှားနိုင်ငံ Dagestan မှာ သေနတ်သမားတွေက ရဲအရာရှိ ၁၅ ဦးထက်မနည်းကို ပစ်သတ်ခဲ့

ရုရှားနိုင်ငံတောင်ပိုင်းက သမ္မတနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Dagestan မှာ သေနတ်သမားတွေက အနည်းဆုံး ရဲအရာရှိ ၁၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရုရှားသတင်းဌာနတစ်ခုက ဖော်ပြပါတယ်။

Orthodox ဘုရားကျောင်းနှစ်ကျောင်း၊ ဝတ်ပြုရာနေရာ တစ်နေရာနဲ့ Derbent and Makhachkala ရှိ ရဲကင်းစခန်းတစ်ခုတို့ တနင်္ဂနွေနေ့က တစ်ပြိုင်နက် တိုက်ခိုက်ခံခဲ့ရပါတယ်။

တိုက်ခိုက်သူတွေဟာ Derbent မှာရှိတဲ့ ဝတ်ပြုရာနေရာကို မီးရှို့ခဲ့တယ်လို့ ဂျူးအဖွဲ့အစည်းတစ်ခုက ပြောပါတယ်။ မီးလောင်နေတဲ့အဆောက်အဦကနေ မီးခိုးတွေတက်လာနေတာကို ဗီဒီယိုပုံရိပ်မှာ ပြသနေပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း ရဲအရာရှိ ၁၅ ဦးထက်မနည်းနဲ့ အရပ်သားအများအပြား သေဆုံးခဲ့တယ်လို့ Dagestan အုပ်ချုပ်ရေးမှူး Sergei Melikov ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

တိုက်ခိုက်သူ ၆ ဦး သေဆုံးခဲ့ပြီး ဒေသဆိုင်ရာအာဏာပိုင်တွေက အခြေအနေတွေကို ထိန်းချုပ်ထားတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ဘယ်သူကမှ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက အကြမ်းဖက်တိုက်ခိုက်မှုလို့ မှတ်ယူပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

Dagestan မှာ လူဦးရေအများစုဟာ မူစလင်တွေ ဖြစ်ကြပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ စစ်ရေးထိုးစစ်ဆင်မှုကို ဆန့်ကျင်ကြတဲ့ ကန့်ကွက်ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အစ္စရေးကလာတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဆိုက်ရောက်လာချိန်မှာ Dagestan ရှိ လေဆိပ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

မတ်လအတွင်းက မော်စကိုမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ကပွဲရုံတစ်ခု အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် ရုရှားအာဏာပိုင်တွေဟာ Dagestan မှာ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပြီး အစ္စလာမစ်အစွန်းရောက်တွေကို ထိန်းသိမ်းခဲ့ပါတယ်။