ဂျပန်နိုင်ငံအနောက်ပိုင်းမှာ မြေပြိုမှုအန္တရာယ်နဲ့ နေရာအနှံ့မှာ အပူရှိန်ပြင်းထန်နိုင်တယ်လို့ တာဝန်ရှိသူတွေ သတိပေး

ဂျပန်နိုင်ငံအနောက်ပိုင်းမှာ အင်္ဂါနေ့အထိ မိုးသည်းထန်စွာရွာသွန်းမယ်လို့ ရာသီဥတုဆိုင်ရာ အရာရှိတွေက ခန့်မှန်းထားပါတယ်။ မြေပြိုမှုတွေကို သတိထားဖို့လည်း သူတို့က ပြောနေပါတယ်။

ဂျပန်မိုးလေဝသအေဂျင်စီ အရာရှိတွေက ပူနွေးပြီး စိုစွတ်သောလေစိုင်ထုဟာ ဂျပန်နိုင်ငံအနောက်ဘက်ခြမ်းမှာ ရာသီအလိုက်ဖြစ်ထွန်းတဲ့ မိုးရွာသွန်းတဲ့ရပ်ဝန်းဆီ ဦးတည်စီးဝင်နေတယ်လို့ ပြောပါတယ်။ ဒေသတွင်းလေထုအခြေအနေ အလွန်မတည်မငြိမ်ဖြစ်စေတယ်လို့ သူတို့က ဆိုပါတယ်။

အဲဒီမိုးရွာသွန်းတဲ့ရပ်ဝန်းကြောင့် ကျူရှူးတောင်ဘက်မှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပါတယ်။

အဲဒီရပ်ဝန်းဟာ ပင်မကျွန်းကြီးဖြစ်တဲ့ ဟွန်ရှူးကျွန်းရဲ့ ကမ်းလွန်ရေပြင် တောင်ဘက်ဆီရွေ့လျားသွားဖွယ်ရှိပြီး အဲဒီနောက် ကျူရှူးကျွန်းတောင်ပိုင်းတဝိုက်မှာ ရှိနေမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂါနေ့မနက်အထိ ၂၄ နာရီအတွင်း ကျူရှူးတောင်ပိုင်းမှာ မိုးရေချိန် ၁၅၀ မီလီမီတာအထိ ရွာသွန်းမယ်လို့ သူတို့က ခန့်မှန်းထားပါတယ်။

ကျူရှူးမြောက်ပိုင်းမှာ ၁၃၀ မီလီမီတာအထိ နဲ့ ကင်းကိဒေသမှာ ၈၀ မီလီမီတာအထိ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

တချို့နေရာတွေမှာ မြေသားပျော့နေပြီဖြစ်တဲ့အတွက် မိုးနည်းနည်းရွာတာနဲ့တင် မြေပြိုမှုအန္တရာယ် တိုးလာနိုင်တယ်လို့ အဲဒီအရာရှိတွေက သတိပေးထားပါတယ်။

မြေပြိုတာ၊ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာ၊ မြစ်ရေလျှံတာ၊ မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်းနဲ့ မိုးသီးမုန်တိုင်းလိုမျိုး လေပြင်းတွေတိုက်တာမျိုးအတွက် သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း ဂျပန်နိုင်ငံအရှေ့ပိုင်း တချို့နေရာတွေမှာ တနင်္လာနေ့မှာ အပူချိန် ၃၆ ဒီဂရီဆဲလ်စီးယပ်စ်ကို ကျော်လွန်ခဲ့ပါတယ်။

နေ့ဘက်အမြင့်ဆုံးအပူချိန်ဟာ တိုချိဂိခရိုင် စာ့နိုမြို့မှာ ၃၆.၈ ဒီဂရီဆဲလ်စီးယပ်စ်၊ ချိဘာ့ခရိုင် အိချိဟာရာ့မြို့ရဲ့ အုရှိကုအရပ်မှာ ၃၆.၄ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ပါတယ်။ တိုကျိုမြို့လယ်မှာ ၃၃.၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့ပါတယ်။