ယူကရိန်းက ခရိုင်းမီးယားကို ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ၄ ဦး သေဆုံးလို့ ရုရှားကပြော

ယူကရိန်းနိုင်ငံ တောင်ပိုင်း Crimea ဒေသရှိ Sevastopol ဆိပ်ကမ်းမြို့ကို ယူကရိန်း ကဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၁၄၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားတင်မြောက်ထားတဲ့ အာဏာပိုင်တွေက ပြောပါတယ်။ ရုရှားက Crimea ကို ၂၀၁၄ ခုနှစ်မှာ သူ့လက်အောက်ကို သွတ်သွင်းခဲ့ပါတယ်။

တနင်္ဂနွေနေ့ မွန်းတည့်ပြီးမကြာမီပြုလုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ ယူကရိန်းကို အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည်ငါးစင်း ပါဝင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ကျည်ဆံထိပ်ဖူးတွေ စုပြုံတပ်ဆင်ထားတဲ့အဲဒီ ဒုံးကျည် ၄ စင်းကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ပေမဲ့လည်း ၅ စင်းမြောက် ဒုံးကျည်ကတော့ လေထဲမှာ ပေါက်ကွဲသွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ယူကရိန်းကို လက်နက်တွေ ပေးပို့ထားတာကြောင့် ဒုံးကျည်နဲ့ ဒီလိုမျိုးတိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရမှာ လုံးဝနီးပါး တာဝန်ရှိတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။ ယူကရိန်းက သူ့ရဲ့ ပိုင်နက်ထဲကနေ တိုက်ခိုက်ခဲ့တဲ့အတွက်လည်း ယူကရိန်းကို အပြစ်တင်တယ်လို့ ဖြည့်စွက်ဖော်ပြထားပါတယ်။

The Army Tactical Missile System (ATACMS) ဟာ တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ အဲဒီ စနစ်နဲ့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၃၀၀ လောက် ရောက်နိုင်တယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။