အိုကီနာဝါတိုက်ပွဲ ၇၉ နှစ်ပြည့်တဲ့အနေနဲ့ အောက်မေ့သတိရတဲ့ အခမ်းအနားကျင်းပ

ဂျပန်တောင်ပိုင်း အိုကီနာဝါခရိုင်မှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီး ပြီးခဲ့တဲ့ ၇၉ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲအတွက် အောက်မေ့သတိရတဲ့ အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ Itoman မြို့က ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံမှာ တနင်္ဂနွေနေ့က အခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပါဝင်သူတွေဟာ ခဏတာ ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။

ဝန်ကြီးချုပ် Kishida Fumio က "စစ်ပွဲရဲ့ ဒဏ်ကို ဘယ်တော့မှ ထပ်မကြုံရအောင် ဆောင်ရွက်မယ်၊ ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ ကမ္ဘာကြီး ဖြစ်လာအောင် ကြိုးပမ်းသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို အိုကီနာဝါမှာ ကျဆုံးခဲ့တဲ့သူ အားလုံးကို ကျွန်တော် ကတိပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ လူပေါင်း ၂၀၀,၀၀၀ ကျော် တစ်နည်းအားဖြင့် အိုကီနာဝါလူဦးရေရဲ့ လေးပုံတစ်ပုံလောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

အိုကီနာဝါဟာ ၁၉၄၅ ခုနှစ် ဇွန်လ ၂၃ ရက်နေ့ကို အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ အခုမရှိတော့တဲ့ ဂျပန်ဧကရာဇ်စစ်တပ်အကြား စီစဉ်တိုက်ခိုက်တဲ့ စစ်ပွဲတွေရဲ့ နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။

အိုကီနာဝါအခြေစိုက် သုတေသနကုမ္ပဏီတစ်ခုက စစ်ပွဲကို တွေ့ကြုံခဲ့ရတဲ့ အိုကီနာဝါပြည်သူအရေအတွက်ဟာ အခုအခါ ခရိုင်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာ ရှိတယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။