အိမ်ထောင်သည်စုံတွဲတွေကို မတူညီတဲ့ မျိုးရိုးနာမည် ထားရှိးခွင့်ပြုဖို့နဲ့ ပတ်သက်ပြီး ဂျပန် LDP ပါတီက ဆွေးနွေးမှု ပြန်လည်စတင်မယ်

ဂျပန်ရဲ့ အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ အိမ်ထောင်သည်စုံတွဲတွေကို မတူညီတဲ့ မျိုးရိုးနာမည်တွေ ထားရှိခွင့် ပြုသင့်သလားဆိုတာနဲ့ ပတ်သက်ပြီး ပါတီတွင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

LDP ရဲ့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့က အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုကို ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်တွေဟာ LDP လွှတ်တော်ရေးရာ အကြီးအကဲဟောင်း Aisawa Ichiro ကို အဲဒီလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖို့ ညှိနှိုင်းနေပါတယ်။ အဲဒီရာထူးဟာ လစ်ဟင်းနေပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းအဖွဲ့ချုပ် Keidanren ဟာ မတူညီတဲ့ မျိုးရိုးနာမည်တွေ ထားရှိခွင့်ပြုဖို့အတွက် ဥပဒေဆိုင်ရာ ပြင်ဆင်ချက်တွေ အမြန်ဆုံး ပြုလုပ်ဖို့ အစိုးရကို တောင်းဆိုထားတဲ့ အဆိုပြုချက်ကို အခုလအစောပိုင်းမှာ စုစည်းတင်ပြခဲ့ပါတယ်။

Keidanren က အဲဒီအဆိုပြုချက်ကို တင်ပြပြီးနောက်ပိုင်း ပြင်ဆင်ပြောင်းလဲခြင်းကို သဘောတူထောက်ခံတဲ့ LDP လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြောင်းလဲဖို့ စိတ်အားမထက်သန်တဲ့သူတွေဟာ သီးသန့်အစည်းအဝေးတွေ ပြုလုပ်ခဲ့ပါတယ်။

LDP ခေါင်းဆောင်တွေဟာ အဲဒီကိစ္စကို သေသေချာချာ ဆန်းစစ်ဖို့ စီစဉ်နေပါတယ်။