ယူကရိန်းဓာတ်အားပေးစက်ရုံတွေကို ရုရှားတိုက်ခိုက်

ယူကရိန်းက စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ရုရှားတပ်ဖွဲ့တွေက ဒုံးကျည်တွေနဲ့ ဒရုန်းတွေ သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။ အဲဒီစွမ်းအင်အဆောက်အအုံတွေက ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းကို အထောက်အကူပေးနေတယ်လို့ ရုရှားကဆိုပါတယ်။

ယူကရိန်းတောင်ပိုင်းက Zaporizhzhia ဒေသနဲ့ အနောက်ပိုင်းက Lviv မှာရှိတဲ့ စက်ရုံတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ယူကရိန်းအစိုးရပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ Ukrenergo က အတည်ပြုပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်းမှာ ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က နိုင်ငံရဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေရဲ့ သုံးပုံတစ်ပုံအောက်သာ ပုံမှန် လုပ်ငန်းလည်ပတ်နိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ယူကရိန်းပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ ထိခိုက်မှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

ဒီအတောအတွင်း Kharkiv မြို့ကို ကာကွယ်ရာမှာ ရုရှားပိုင်နက်ထဲကို အမေရိကန်လက်နက်တွေနဲ့ ပစ်ခတ်နိုင်ခဲ့တဲ့အတွက် ရုရှားရဲ့တိုက်ခိုက်မှုတွေကို လျှော့ချဖို့ အထောက်အကူဖြစ်ခဲ့တယ်လို့ ယူကရိန်းအရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန်ရဲ့ Washington Post သတင်းစာမှာ သောကြာနေ့က ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ နယ်စပ်ကနေ ရုရှားပိုင်နက်ထဲကို ကီလိုမီတာ ၁၀၀ အကွာအဝေးအထိပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ အမေရိကန်က ကန့်သတ်ထားတယ်။ အဲဒီလိုကန့်သတ်ထားလို့ ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားဂျက်လေယာဉ်တွေကသုံးတဲ့ အဓိကလေယာဉ်ကွင်းတွေကို တိုက်ခိုက်မှုကနေ တားဆီးထားသလို ဖြစ်နေတယ်လို့လည်း ယူကရိန်းအရာရှိတစ်ဦးက ဆိုပါတယ်။

ရုရှားရဲ့ ပဲ့ထိန်းဗုံးတွေနဲ့ တခြားလက်နက်တွေရဲ့ တိုက်ခိုက်မှုကြောင့် Kharkiv မြို့မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီမြို့ဟာ အဆက်မပြတ် ခြိမ်းခြောက်ခံနေရဆဲ ဖြစ်တယ်လို့ မြို့တော်ဝန်ဖြစ်သူကဆိုပါတယ်။