ဂါဇာမြို့တွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၂ ဦး သေဆုံး

စနေနေ့က ဂါဇာကမ်းမြောင်မြောက်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ မီဒီယာဆိုင်ရာ အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြိုကျသွားတဲ့ အဆောက်အဦတွေကနေ ထွက်ပေါ်လာတဲ့ ဖုန်မှုန့်တွေ လေထဲပျံ့နှံ့နေတဲ့အကြား ကလေးတွေကို ပွေ့ချီထွက်ပြေးနေကြတဲ့ ပုံတွေ၊ ဒဏ်ရာရသူတွေကို ထမ်းစင်ပေါ်တင်ပြီး သယ်ဆောင်လာတဲ့ ပုံတွေကို ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဂါဇာမြို့တွင်း ဧရိယာမှာရှိတဲ့ ဟားမတ်စ် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ၂ခုကို ဂျက်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

အရပ်သား အသေအပျောက် အရေအတွက်ဟာ ဆက်ပြီး တိုးလာနေပါတယ်။ ဂါဇာတောင်ပိုင်းက Rafah မြို့ပြင်မှာရှိတဲ့ ရွက်ဖျင်တဲခိုလှုံရေးစခန်းတွေကို သောကြာနေ့မှာ အစ္စရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့အပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ အစ္စလာမစ် ဟားမတ်စ်အဖွဲ့ကို လက်နက်တွေ ထောက်ပံ့ပေးနေမှုကို ချေမှုန်းဖို့အတွက် အိမ်နီးချင်း လက်ဘနွန်မှာ စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောပါတယ်။

လက်ဘနွန်မှာရှိတဲ့ ရှီယာမွတ်ဆလင် ဟဇ်ဘိုလာအဖွဲ့ရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်းလည်း အစ္စရေးက ပြောပါတယ်။