ဂျပန်ဧကရာဇ်ဘုရင်နဲ့ မိဖုရား ဗြိတိန်ကို ရောက်ရှိ

ဂျပန်ဧကရာဇ်ဘုရင် Naruhito နဲ့ မိဖုရား Masako တို့ဟာ ဗြိတိန်ကို ရောက်ရှိနေပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်မှာ ဧကရာဇ်ဘုရင် Naruhito နန်းတက်ပြီးနောက်ပိုင်း သူတို့နှစ်ဦးအနေနဲ့ နိုင်ငံခြားကို သွားရောက်တဲ့ ဒုတိယမြောက် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပါတယ်။

ဧကရာဇ်ဇနီးမောင်နှံကို တင်ဆောင်လာတဲ့ အစိုးရလေယာဉ်ဟာ စနေနေ့ ညနေ ၅ နာရီ ၃၀ မိနစ်လောက်က လန်ဒန်အနီးက လေဆိပ်မှာ ဆင်းသက်ခဲ့ပါတယ်။

ဗြိတိန်ကို နောက်ဆုံးတစ်ကြိမ် သူတို့ သွားရောက်ခဲ့တာဟာ ဘုရင်မကြီး Elizabeth II ရဲ့ နိုင်ငံတော် ဈာပနအခမ်းအနားတုန်းကပါ။

အခုတစ်ကြိမ်မှာတော့ သူတို့ကို Charles ဘုရင်က တရားဝင်ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဧကရာဇ်ဇနီးမောင်နှံဟာ အင်္ဂါနေ့မှာ ကြိုဆိုပွဲအခမ်းအနားနဲ့ Buckingham နန်းတော်က ဂုဏ်ပြုညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဧကရာဇ်ဘုရင်ဟာ ကြာသပတေးနေ့ကျရင် ဘုရင်မကြီး Elizabeth II နဲ့ သူ့ခင်ပွန်းဖြစ်သူ တော်ဝင်မင်းသား Philip ရဲ့ အုတ်ဂူမှာ ပန်းစည်းချဖို့အတွက် Windsor ရဲတိုက်က ဗြိတိန်တော်ဝင်မိသားစုရဲ့ သင်္ချိုင်းဂူဗိမာန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

နောက်တစ်နေ့မှာ ဧကရာဇ်ဇနီးမောင်နှံဟာ သူတို့နှစ်ဦး ပညာသင်ကြားခဲ့တဲ့ Oxford တက္ကသိုလ်ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။