ဂျပန်ဧကရာဇ်နဲ့ မိဖုရား ဗြိတိန်နိုင်ငံကို တရားဝင်ခရီး ထွက်ခွာ

ဂျပန်ဧကရာဇ်ဘုရင် Naruhito နဲ့ မိဖုရား Masako တို့ ဗြိတိန်နိုင်ငံကို ၈ ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဧကရာဇ်နဲ့ မိဖုရားတို့ဟာ တိုကျိုမြို့ Haneda လေဆိပ်ကနေ အစိုးရလေယာဉ်နဲ့ စနေနေ့မှာ ထွက်ခွာခဲ့ပါတယ်။

တော်ဝင်ဇနီးမောင်နှံကို အိမ်ရှေ့မင်းသား Akishino နဲ့ ကြင်ယာတော်၊ တရားရုံးချုပ် တရားသူကြီးချုပ် Tokura Saburo ၊ တိုကျို ဗြိတိန်သံရုံးက ယာယီသံအမတ် တို့က တခြားသူတွေနဲ့အတူ လိုက်ပါပို့ဆောင်ကြပါတယ်။

တော်ဝင်ဇနီးမောင်နှံဟာ ဒေသစံအချိန် စနေနေ့ မွန်းလွဲပိုင်းမှာ လန်ဒန်ကို ရောက်ရှိဖို့ စီစဉ်ထားပါတယ်။

အခုခရီးစဉ်ဟာ ၂၀၁၉ ခုနှစ် ဧကရာဇ်ဘုရင်ကြီး နန်းတက်ပြီးနောက် တော်ဝင်ဇနီးမောင်နှံရဲ့ ဒုတိယမြောက် တရားဝင်ခရီးစဉ် ဖြစ်ပါတယ်။

တော်ဝင်ဇနီးမောင်နှံကို ဗြိတိန် ဘုရင် Charles က တရားဝင် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဇနီးမောင်နှံဟာ အင်္ဂါနေ့မှာ ကြိုဆိုပွဲအခမ်းအနားနဲ့ Buckingham နန်းတော်မှာ ကျင်းပမယ့် ဂုဏ်ပြုဧည့်ခံပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဧကရာဇ်ဘုရင် Naruhito ဟာ ကြာသပတေးနေ့မှာ Windsor ရဲတိုက်မှာ ရှိတဲ့ ဗြိတိသျှတော်ဝင်မိသားစု သင်္ချိုင်းသို့ သွားရောက်ဖို့ စီစဉ်ထားပြီး ဘုရင်မကြီး Elizabeth II နဲ့ ခင်ပွန်းဖြစ်သူ မင်းသား Philip တို့ရဲ့ အုတ်ဂူမှာ ပန်းခွေချမှာ ဖြစ်ပါတယ်။