မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံရေး တိုးမြင့်လာတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ရုရှားကို ဂျပန်ပြောကြား

ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုကို ရပ်တန့်ဖို့ ရုရှားကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက တိုက်တွန်းခဲ့ပြီး ရုရှားရဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာဆက်ဆံရေး တိုးလာနေတာအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ ဝန်ကြီးဌာန ဥရောပရေးရာဗျူရို ညွှန်ကြားရေးမှူးချုပ် Nakagome Masashi ဟာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှဌာန တတိယညွှန်ကြားရေးမှူး Lyudmila Vorobyova နဲ့ မော်စကိုမှာ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ်က ရုရှားရဲ့ အဆင့်တူအရာရှိနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကြောင့် ဂျပန်နဲ့ ရုရှားအကြားက ဆက်ဆံရေးဟာ အခက်အခဲတွေ ကြုံနေရတယ်လို့ မစ္စတာ Nakagome က ပြောပါတယ်။ အဲဒီကျူးကျော်မှုဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုရင်း ချက်ချင်းရပ်တန့်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ ခရီးစဉ်နဲ့ အပြန်အလှန်စစ်ရေးဆိုင်ရာ ကတိကဝတ်တွေပါဝင်တဲ့ သဘောတူစာချုပ်အသစ်ကို လက်မှတ်ရေးထိုးခဲ့တာတွေကို မစ္စတာ Nakagome က ရည်ညွှန်းပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကို သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါအပြင် မစ္စတာ Nakagome က မြောက်ပိုင်းပိုင်နက်နယ်မြေတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီကျွန်းတွေပေါ်မှာရှိတဲ့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းတွေကို ဂျပန်နိုင်ငံသားတွေ သွားရောက်ဂါရဝပြုတာကို ခွင့်ပြုတဲ့အစီအစဉ် ပြန်လည်စတင်ဖို့နဲ့ အဲဒီဒေသမှာ ဂျပန်ငါးဖမ်းလှေတွေ ဘေးကင်းကင်းနဲ့ လုပ်ဆောင်ခွင့်ပေးတဲ့ သဘောတူညီချက်တစ်ခုကို ပြန်လည်စတင်ဖို့ သူက တောင်းဆိုခဲ့ပါတယ်။

ရုရှားက ထိန်းချုပ်ထားတဲ့ကျွန်း ၄ ကျွန်းကို ဂျပန်နိုင်ငံကပိုင်ဆိုင်ကြောင်း အခိုင်အမာ ဆိုပါတယ်။ ဂျပန်အစိုးရက အဲဒီကျွန်းတွေဟာ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တရားမဝင် သိမ်းပိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေ သောကြာနေ့မှာ အချိန်တို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။