ဂျပန် လွှတ်တော်အစည်းအဝေး ပြီးဆုံးခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ပိုမိုလုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် ကတိပြုပြောကြား

လနဲ့ချီခဲ့တဲ့ ငွေကြေးအရှုပ်တော်ပုံတွေက အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အပေါ် ဂယက်ရိုက်နေဆဲ ဖြစ်နေတဲ့ကြားမှာပဲ ဂျပန်လွှတ်တော်အမတ်တွေက လွှတ်တော်ပုံမှန်အစည်းအဝေးကို လက်တွေ့အားဖြင့် အဆုံးသတ်ခဲ့ကြပါတယ်။

တချို့ LDP ပါတီဝင်တွေဟာ နိုင်ငံရေးရန်ပုံငွေအစီရင်ခံစာတွေကို မမှန်မကန်တင်ပြခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ လွှတ်တော်က နိုင်ငံရေးရန်ပုံငွေထိန်းချုပ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ မူကြမ်းတစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ စည်းမျဉ်းသစ်အရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အစီရင်ခံစာပါ အကြောင်းအရာတွေကို အတည်ပြုရမှာဖြစ်ပါတယ်။ ဒါဟာ ပိုပြီးပွင့်လင်းမြင်သာမှုရှိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

သောကြာနေ့မှာ ၀န်ကြီးချုပ် Kishida Fumio က “ဒီမိုကရေစီကို ကာကွယ်ဖို့" ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်" လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုရန်ပုံငွေတွေကို စောင့်ကြည့်တဲ့ ပြင်ပအဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ အစိုးရက ရည်ရွယ်ထားကြောင်းလည်း မစ္စတာ Kishida က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရှောင်တခင် ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုမှုတွေအကြားမှာ သူက ပြည်သူ့လွှတ်တော်ကို ဖျက်သိမ်းမလားဆိုတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အကြီးဆုံး အတိုက်ခံပါတီ ခေါင်းဆောင်က မစ္စတာ Kishida ရဲ့ တုံ့ပြန်မှုကို ဝေဖန်ခဲ့ပါတယ်။ ကွန်စတီကျူရှင်နယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ Izumi Kenta က အစိုးရကို စိန်ခေါ်ဖို့အတွက် တခြား အတိုက်အခံ ပါတီတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။