အလိုအလျောက်မောင်းနှင်မှု အဆင့်-၄ ဘတ်စကားကို အများသုံးလမ်းပေါ်မှာ စတင်အသုံးပြု

တိုကျိုအခြေစိုက် ကုမ္ပဏီတစ်ခုဟာ အများသုံးလမ်းပေါ်မှာ အလိုအလျောက်မောင်းနှင်မှု အဆင့် ၄ ကို လုပ်ဆောင်ခွင့်ရပြီ ဖြစ်ကြောင်း NHK က သိရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအနေနဲ့ အဲဒီအဆင့်အတွက် ခွင့်ပြုချက်ရတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Boldly လို့ အမည်ရတဲ့ အဲဒီကုမ္ပဏီဟာ Softbank Corporation ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။ သောကြာနေ့က Tokyo Metropolitan Public Safety Commission ရဲ့ ခွင့်ပြုချက်ကို ရခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Haneda လေဆိပ်နားက မီတာ ၈၀၀ ရှည်တဲ့ လမ်းမပေါ်မှာ ခရီးသည် ၁၀ ဦးအထိ တင်ဆောင်နိုင်တဲ့ ဘတ်စကားတွေကို Boldly ကုမ္ပဏီက ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဘတ်စကားတွေဟာ တစ်နာရီကို ၁၂ ကီလိုမီတာနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပေမယ့်လည်း ယာဉ်ဝန်ထမ်းလိုက်ပါပြီး ရာသီဥတုကောင်းမွန်မှသာ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒီဝန်ဆောင်မှုကို လေ့လာသူအဖွဲ့တွေနဲ့ မီဒီယာတွေအတွက်ပဲ ကြိုတင်စာရင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အများပြည်သူကတော့ စောင့်ရဦးမှာ ဖြစ်ပါတယ်။

ဂျပန်သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက အလိုအလျောက်မောင်းနှင်မှု နည်းပညာကို အဆင့် ၅ ဆင့်ခွဲ သတ်မှတ်ထားပါတယ်။ အဆင့် ၄ ကတော့ ယာဉ်ရဲ့ အမြန်နှုန်း၊ လမ်းကြောင်းတွေနဲ့ ရာသီဥတုဆိုင်ရာ တချို့သတ်မှတ်ချက်‌‌ဘောင်အတွင်းမှာ လူသားယာဉ်မောင်းမပါဘဲ မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ အဆင့် ၅ ကတော့ လမ်းကြောင်းဆိုင်ရာ ကန့်သတ်ချက်မရှိဘဲ အလိုအလျောက်မောင်းနှင်မှုကို အပြည့်အဝ လုပ်လို့ရပါတယ်။