ယိုကိုဟားမားမြို့က ထောက်ပံ့ကူညီတဲ့ ကာဗွန်ကင်းစင်ရေးအစီအစဉ်ကို ဘန်ကောက်မြို့ ထုတ်ပြန်ကြေညာ

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရဲ့ အကူအညီနဲ့ ကာဗွန်ကင်းစင်ရေး စီမံချက်အသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့ဟာ ၂၀၁၃ ခုနှစ်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့နောက် ယိုကိုဟားမားမြို့ကနေ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရေး နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု ရရှိခဲ့ပါတယ်။

လုပ်ငန်းစီမံချက် အစီအစဉ်သစ်ကို သောကြာနေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ယိုကိုဟားမား မြို့ဝန် Yamanaka Takeharu တက်ရောက်ခဲ့ပါတယ်။ ယိုကိုဟားမားမြို့က ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ အသေးစိတ် စီမံချက်တွေပါဝင်တဲ့ အဲဒီအစီအစဉ် ရေးဆွဲဖို့ ကူညီခဲ့ပါတယ်။

အဲဒါတွေထဲမှာ အဆောက်အအုံတွေမှာ လျှပ်စစ်ဓာတ်အားထုတ် ဆိုလာပြားတွေ တပ်ဆင်တာနဲ့ အများသုံး သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်တာတွေ ပါဝင်ပါတယ်။

မစ္စတာ Yamanaka က ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးမှာ လူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ သော့ချက်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ လူတွေပါ၀င်နိုင်မယ့် နည်းလမ်းတွေကို ရပ်ရွာအဖွဲ့အစည်းတွေက ဆွေးနွေးခြင်းအားဖြင့် ယိုကိုဟားမားမြို့ဟာ ၁၀ နှစ်အတွင်း အိမ်ထောင်စုတွေက ထွက်တဲ့အမှိုက် ၄၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ယိုကိုဟားမားရဲ့ အောင်မြင်မှု အများအပြားကို လေ့လာသင်ယူပြီး ဘန်ကောက်အနေနဲ့ သူ့ရဲ့လုပ်ငန်းစီမံချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။