တောင်တက်သမားတွေအတွက် ဖူဂျီတောင်တက်ရက်ပြက္ခဒိန်မှာ အခုနှစ်နွေရာသီအတွင်း လူအများဆုံးဖြစ်ဖွယ်ရှိတဲ့ နေ့တွေကို ပြထား

ဇူလိုင်လမှာ စတင်မယ့် နွေရာသီ တောင်တက်ရာသီအတွင်း Fuji တောင်တက်မယ့် တောင်တက်သမားတွေ လူများတဲ့နေ့တွေကို ရှောင်ရှားနိုင်ရေး ကူညီဖို့ ပြက္ခဒိန်တစ်ခုကို ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ဖူဂျီတောင်အနီးက Yamanashi နဲ့ Shizuoka ခရိုင်တို့က တာဝန်ရှိသူတွေပါဝင်တဲ့ Fujisan World Cultural Heritage Council က အဲဒီပြက္ခဒိန်ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လာရောက်လည်ပတ်ခဲ့သူအရေအတွက်ကို အခြေခံပြီး ဖူဂျီတောင်ပေါ်မှာ လူအုပ်ကြီးတွေ ဖြစ်နိုင်ချေရှိတဲ့နေ့တွေကို အဲဒီ ပြက္ခဒိန်ထဲမှာ ပြသထားပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၀ ရက်နေ့ကြား သီတင်းပတ်အကုန်တွေနဲ့ နွေရာသီအားလပ်ရက်ဖြစ်တဲ့ သြဂုတ်လ ၇ ရက်နေ့ ကနေ ၁၈ ရက်နေ့ အကြား ဖူဂျီတောင်ပေါ်မှာ လူတွေပြည့်ကျပ်နေမယ်လို့ အဲဒီပြက္ခဒိန်ထဲမှာ ဖော်ပြထားပါတယ်။

မနက် ၃ နာရီကနေ အရုဏ်တက်ချိန်အတွင်း ဖူဂျီတောင်ထိပ်မှာ လူပြည့်ကြပ်မှု အများဆုံး ဖြစ်နိုင်တဲ့အတွက် အဲဒီအချိန်အတွင်း တောင်ထိပ်ကို မတက်ဖို့ တောင်တက်သမားတွေကို တိုက်တွန်းထားတဲ့ ဗီဒီယိုကိုလည်း ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

တောင်တက်သမားတွေအနေနဲ့ နေထွက်တာကို ဖူဂျီတောင်ရဲ့ Yamanashi ဘက်ခြမ်းမှာရှိတဲ့ တောင်ပေါ် တည်းခိုခန်းတိုင်းကနေ မြင်နိုင်ကြောင်း အဲဒီဗီဒီယိုမှာ ဖော်ပြထားပါတယ်။

တာဝန်ရှိသူတွေဟာ ကောင်စီရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်ကနေ အဲဒီပြက္ခဒိန်နဲ့ ဗီဒီယိုကို ကြည့်ဖို့ လူတွေကို တောင်းဆိုထားပါတယ်။ တောင်တက်သမားတွေ လုံခြုံပြီး သာသာယာယာ ပျော်ပျော်ရွှင်ရွှင် တောင်တက်နိုင်ဖို့အတွက် လူပြည့်ကြပ်တဲ့ နေ့တွေနဲ့ အချိန်တွေကို ရှောင်ရှားစေလိုကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။