ဂျပန်နိုင်ငံ အာကာသအေဂျင်စီက ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဒေတာပေါက်ကြားမှုတွေ အစီရင်ခံ

ဂျပန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ (JAXA) ဟာ ပြီးခဲ့တဲ့နှစ်က စပြီး အခုနှစ်အထိ ဆိုက်ဘာတိုက်ခိုက်မှု အများအပြားကို ခံခဲ့ရပြီး ဒေတာတစ်ချို့ ပေါက်ကြားသွားဖွယ်ရှိတယ်လို့ ပြောလိုက်ပါတယ်။

ပေါက်ကြားသွားတဲ့ ဒေတာတွေထဲမှာ အဆင့်မြင့် လျှို့ဝှက်စာရွက်စာတမ်းတွေ ပါဝင်နိုင်တယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒေတာတွေကို ခွင့်ပြုချက်မရှိဘဲ ပြင်ပကနေ ဝင်ရောက်ကြည့်ရှုခံခဲ့ရပြီး အဲဒါကြောင့် JAXA ရဲ့ ဆာဗာတွေကနေတဆင့် ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားခဲ့ဖွယ်ရှိတယ်လို့ JAXA က ပြောပါတယ်။

အဲဒီအချိန်ကစပြီး အာကာသအေဂျင်စီဟာ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာနဲ့ သူ့ရဲ့စနစ်ထဲကို ဘယ်လို ဝင်ရောက်တိုက်ခိုက်ခဲ့တာလဲ ဆိုတာကို ရှာဖွေနေခဲ့ပေမဲ့ JAXA မှာ ဆိုက်ဘာတိုက်ခိုက်မှုတွေ အခုနှစ်ထဲမှာလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ JAXA က ပြောပါတယ်။

ပေါက်ကြားသွားနိုင်တဲ့ ဒေတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ အဲဒီအေဂျင်စီက ပြောပါတယ်။ လုံခြုံရေးအကြောင်းပြချက်တွေကို ထောက်ပြပြီး အသေးစိတ်ဖော်ပြဖို့ အဲဒီအေဂျင်စီက ငြင်းဆိုခဲ့ပါတယ်။

ဒုံးပျံတွေနဲ့ ဂြိုလ်တု ဆိုင်ရာ လုပ်ငန်းတွေစတဲ့ နိုင်ငံ့လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဒေတာတွေကို သီးသန့်ကွန်ရက်တစ်ခုပေါ်မှာ သိမ်းဆည်းထားတဲ့အတွက် ဆိုက်ဘာတိုက်ခိုက်မှု မခံခဲ့ရကြောင်း အဲဒီအေဂျင်စီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်ခံခဲ့ရတဲ့ ဆာဗာထဲမှာ JAXA အကြီးတန်းအရာရှိတွေကနေ ယာယီဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အပါအဝင် ဒေတာအစုံပေါင်း ၅,၀၀၀ ကျော်ကို သိမ်းဆည်းထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

JAXA နဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် တခြားအဖွဲ့အစည်းတွေအကြား ထုတ်ဖော်ပြောဆိုမှုမပြုရေး သဘောတူညီချက်တွေအောက်မှာ အကာအကွယ်ပေးထားတဲ့ အဆင့်မြင့် လျှို့ဝှက်စာရွက်စာတမ်းတွေကို ဝင်ရောက်ကြည့်ရှုဖို့ ဟက်ကာတွေက အဲဒီလိုမျိုး ဒေတာတွေကို အသုံးပြုခဲ့တာ ဖြစ်နိုင်ခြေရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ သက်ဆိုင်ရာကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အများပြည်သူအတွက် စိုးရိမ်စရာဖြစ်စေကြောင်း JAXA က ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို ဆက်လက် စုံစမ်းသွားမှာဖြစ်ပြီး နောက်ထပ် တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသွားမယ်လို့လည်း သူက ပြောပါတယ်။