နှစ်ဖက်အကြား ရန်လိုတဲ့လုပ်ရပ်တွေ ဆက်လုပ်နေလို့ အစ္စရေးနိုင်ငံထဲ ဟစ်ဇ်ဘိုလာတို့ ကျုးကျော်ဝင်ရောက်မှာကို စိုးရိမ်

အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာရှိတဲ့ ရှီယာမွတ်စလင် ဟစ်ဇ်ဘိုလာအုပ်စုနဲ့ အစ္စရေးစစ်တပ်တို့ အပြန်အလှန် တိုက်ခိုက်မှုတွေ ရက်အတော်ကြာ ဆက်လက် ဖြစ်ပွားနေပါတယ်။ အစ္စရေးမြောက်ပိုင်းကို ဟစ်ဇ်ဘိုလာတို့ ကျူးကျော်ဝင်ရောက် လာနိုင်ခြေနဲ့အတူ အဲဒီအခြေအနေ ဒီထက်ပိုဆိုးလာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာက သွေးစည်းညီညွတ်မှုကို ပြသတဲ့ အစ္စလာမစ်အုပ်စု ဟားမတ်စ်အပေါ် ဆက်လက် ထိုးစစ်ဆင်နေပါတယ်။ ဂါဇာ‌မြောက်ပိုင်းမှာ လေကြောင်းထိုးစစ်တစ်ခု ပြုလုပ်ခဲ့ပြီး ဟားမတ်စ် စစ်စခန်းတစ်ခုကို ချေမှုန်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ၂၄ နာရီအတွင်း လူ ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ကြာသပတေးနေ့က လက်ဘနွန်မှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အစ္စရေးဟာ ဟစ်ဇ်ဘိုလာ တပ်မှူးတစ်ဦးကို သုတ်သင်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဟစ်ဇ်ဘိုလာက အစ္စရေးဘက်ကို ဒုံးလက်နက်တွေနဲ့ ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah က လက်ဘနွန်ကို စစ်ခင်းရင် သူ့အုပ်စုဟာ အကန့်အသတ်မရှိ တိုက်ခိုက်သွားဖွယ်ရာ ရှိတယ်ဆိုတာကို ဗုဒ္ဓဟူးနေ့က မိန့်ခွန်းတစ်ခုမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ထိပ်တိုက်တွေ့မှုတွေ ကြီးထွားလာမယ်ဆိုရင် အစ္စရေးမြောက်ပိုင်းကို ကျူးကျော်ဖို့ဟာ ဖြစ်နိုင်တယ်ဆိုတာ သူက သတိပေးခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေ အပါအဝင် လက်ဘနွန်မှာ လူ ၄၀၀ ကျော် သေဆုံးသွားခဲ့ပြီဆိုတာကို AP သတင်းမှာ အစီရင်ခံ ဖော်ပြထားပါတယ်။

အစ္စရေးမြောက်ပိုင်းမှာတော့ စစ်သား ၁၆ ဦးနဲ့ အရပ်သား ၁၁ ဦး သေဆုံးခဲ့တယ်လို့ မီဒီယာ‌တွေမှာ ဖော်ပြကြပါတယ်။