ဂျပန်မှာ မေလအတွင်း ပို့ကုန် မြင့်တက်ခဲ့ပေမဲ့ ကုန်သွယ်ရေးလိုငွေ ပြ

ဂျပန်နိုင်ငံမှာ မေလအတွက် ပို့ကုန်တင်ပို့မှုဟာ ၄၅ နှစ် အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပေမဲ့ ၂ လ ဆက်တိုက်အဖြစ် ကုန်သွယ်ရေးလိုငွေပြခဲ့ပါတယ်။

အဓိကအားဖြင့် ရေနံနဲ့ဆက်စပ်ကုန်ပစ္စည်းတွေ တင်သွင်းမှု တိုးလာတာနဲ့ ယန်းငွေ အားပျော့တာတွေကြောင့် အဲဒီလို လိုငွေပြခဲ့တာလို့ ဆိုပါတယ်။

မေလအတွင်း လိုငွေပြမှုဟာ ဂျပန်ယန်း ၁.၂ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံလောက်ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက အစီရင်ခံခဲ့ပါတယ်။

ပို့ကုန်ဟာ ပြီးခဲ့နှစ်ကထက် ၁၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၂.၄ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ဒါဟာ နှိုင်းယှဉ်နိုင်တဲ့ကိန်းဂဏန်းတွေ ပထမဆုံးရရှိခဲ့တဲ့ ၁၉၇၉ ခုနှစ် နောက်ပိုင်း မေလအတွက် အမြင့်ဆုံးပမာဏ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို မော်တော်ကား တင်ပို့မှု များလာခဲ့ပြီး တရုတ်နိုင်ငံကို တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းတွေ တင်ပို့မှုဟာလည်း မြင့်တက်ခဲ့ပါတယ်။

သွင်းကုန် ၉.၅ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော် ရှိခဲ့ပါတယ်။

အဲဒီသွင်းကုန်တွေထဲမှာ လူလုပ်ရာဘာအတွက် အသုံးပြုတဲ့ naphtha လိုမျိုး ရေနံထွက်ပစ္စည်းတွေက အများဆုံး ဖြစ်ပါတယ်။ ယန်းငွေတန်ဖိုး ကျဆင်းမှုကြောင့် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာနဲ့ ဈေးနှုန်းသတ်မှတ်လေ့ရှိတဲ့ ရေနံအခြေခံ သွင်းကုန်တွေရဲ့ ကုန်ကျစရိတ် မြင့်တက်ခဲ့ပါတယ်။