အဏုမြူဗုံးဒဏ်က အသက်ရှင်ကျန်ရစ်သူတွေကို 'တောင်းပန်ပါတယ်' လို့ Oppenheimer ပြောခဲ့ကြောင်း သိရ

အဏုမြူဗုံးဒဏ်က အသက်ရှင်ကျန်ရစ်သူတွေကို လွန်ခဲ့တဲ့ နှစ် ၆၀ တုန်းက J. Robert Oppenheimer က ငိုကြွေးရင်း "တောင်းပန်ပါတယ်" လို့ ပြောခဲ့ကြောင်း စကားပြန်တစ်ယောက်က သက်သေထွက်ဆိုနေတာပါဝင်တဲ့ ဗီဒီယိုမှတ်တမ်းအသစ်ကိုဟီရိုရှီးမားမြို့မှာ တွေ့ရှိခဲ့ကြောင်း NHK က သိခဲ့ရပါတယ်။

မစ္စတာ Oppenheimer ဟာ ဒုတိယကမ္ဘာစစ်အတွင်း အဏုမြူဗုံးထုတ်လုပ်ဖို့ အမေရိကန်ရဲ့ စီမံကိန်းကို ညွှန်ကြားခဲ့တဲ့ သီအိုရီိဆိုင်ရာ ရူပဗေဒပညာရှင်ဖြစ်ပါတယ်။

သူဟာ ဟီရိုရှီးမားနဲ့ နာဂါစာကီမြို့တွေကို အဏုမြူဗုံးကြဲချမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့အပေါ် စိတ်ထိခိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ၁၉၆၀ ပြည့်နှစ်က ဂျပန်ကိုလာခဲ့တဲ့ ခရီးစဉ်မှာ သူဟာ အဲဒီမြို့တွေကို မသွားခဲ့ဘူးလို့ သိရပါတယ်။

ဟီရိုရှီးမားအခြေစိုက် အကျိုးအမြတ်ပဓာနမထားတဲ့ အဖွဲ့အစည်းတစ်ခုက ပိုင်ဆိုင်ထားတဲ့ အဲဒီ ဗီဒီယိုမှတ်တမ်းမှာ Hibakusha လို့သိကြတဲ့ အဏုမြူဗုံးဒဏ်က အသက်ရှင်ကျန်ရစ်သူတွေ ၁၉၆၄ ခုနှစ်တုန်းက အမေရိကကို သွားရောက်ခဲ့တာနဲ့ပတ်သက်ပြီး ၂၀၁၅ ခုနှစ်မှာ စကားပြန် Teichler Yoko ရဲ့ ပြောကြားချက်ကို ပြသထားပါတယ်။

ဟီရိုရှီးမားဇာတိ Hibakusha ဖြစ်တဲ့ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင် Shono Naomi ၊ တခြားဂျပန်ဧည့်သည်တွေနဲ့ မစ္စတာ Oppenheimer တို့ရဲ့ တံခါးပိတ်တွေ့ဆုံမှုနဲ့ပတ်သက်ပြီး မီးစ် Teichler က ပြောပြခဲ့ပါတယ်။

မစ္စတာ Oppenheimer ကိုတွေ့ဖို့ အခန်းထဲ ရောက်သွားချိန်မှာတော့ သူ့မျက်နှာမှာ မျက်ရည်တွေ စီးကျနေပြီး "တောင်းပန်ပါတယ်" လို့ ထပ်ကာတလဲလဲ ပြောခဲ့ကြောင်း မီးစ် Teichler က ပြောပါတယ်။

အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မစ္စတာ Shono က သူ့ရဲ့ အထက်တန်းကျောင်းသားဟောင်းများ သတင်းလွှာမှာရေးသားခဲ့ပါတယ်။ မစ္စတာ Oppenheimer က ဟီရိုရှီးမားနဲ့ နာဂါစာကီအကြောင်း မပြောချင်ဘူးလို့ ပြေကြားခဲ့ပြီး အဲဒီစကားလုံးတွေဟာ သူထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖော်ပြနေတယ်လို့ သူထင်ကြောင်းမစ္စတာ Shono က မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။