တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်နိုင်ငံအပေါ် တရုတ်ရဲ့ လုပ်ရပ်တွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဝေဖန်လိုက်ပါတယ်။

မစ္စတာ Blinken ဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo နဲ့ တယ်လီဖုန်းကနေ ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

"နှစ်နိုင်ငံကြား အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ခိုင်မာတဲ့ ကတိကဝတ်တွေကို မစ္စတာ Blinken က အလေးပေး ပြောကြားခဲ့တယ်" လို့ အဲဒီ ဝန်ကြီးဌာနက ပြောပါတယ်။

Second Thomas Shoal ကျောက်တန်းမှာရှိတဲ့ စစ်စခန်းတစ်ခုကို သင်္ဘောနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်တဲ့ လုပ်ငန်းကို တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေက နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင်က တနင်္လာနေ့က ပြောပြီးတဲ့နောက် အဲဒီလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ရေတပ်သားတစ်ဦး ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်က ပြောပါတယ်။ ဖိလစ်ပိုင်ဟာ အဲဒီကျောက်တန်းကို လက်တွေ့အားဖြင့် ထိန်းချုပ်ထားပေမဲ့ တရုတ်က သူတို့ ပိုင်နက်ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေနေတယ်။

ဖိလစ်ပိုင်စစ်တပ်ကတော့ ဒီအဖြစ်အပျက်ဟာ တရုတ်ကမ်းခြေစောင့်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ အရှိန်နဲ့ ဝင်တိုက်မှု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဗီဒီယိုမှတ်တမ်းအသစ်ကိုလည်း ဗုဒ္ဓဟူးနေ့မှာ ဖိလစ်ပိုင်က ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို တုတ်ချောင်းတွေလို့ ယူဆရတဲ့ အရာတွေနဲ့ ရိုက်နေတာကို တွေ့ရပါတယ်။ ကမ်းခြေစောင့်တပ်က လှေငယ်တွေက အဲဒီရေယာဉ်ထဲကို ဝင်တိုက်နေတာကို တွေ့ရပါတယ်။

ဝေဟင်က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ တရုတ်သင်္ဘောနှစ်စင်းက နောက်ထပ် ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို နှစ်ဖက် ညှပ်ထားတာကို တွေ့ရပါတယ်။