ယူကရိန်းအရှေ့ဘက်က အဓိကထောက်ပံ့ရေးလမ်းကြောင်းအနီး ရုရှားတပ်ဖွဲ့တွေ ရွှေ့လာနေတယ်လို့ ဗြိတိန်လေ့လာသူတွေဆို

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ဘက်ခြမ်းမှာ တဖြည်းဖြည်း ရှေ့ဆက်တိုးလာနေပြီး ယူကရိန်းတပ်ဖွဲ့တွေအတွက် အဓိကထောက်ပံ့ရေးလမ်းကြောင်းတစ်ခုကို ခြိမ်းခြောက်နိုင်လောက်အောင် နီးကပ်လာနေတယ်လို့ ဗြိတိန် ကာကွယ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းက ပစ်မှတ်တွေကို ဗုဒ္ဓဟူးနေ့မှာ ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ အရှေ့ပိုင်းက Kharkiv နဲ့ တောင်ပိုင်းက Kherson ဒေသတွေမှာ အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အရှေ့ပိုင်းဒေသ Donetsk က Avdiivka ရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀ လောက်အကွာမှာရှိတဲ့ Novoooleksandrivka ရွာကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖွယ်ရှိတယ်လို့ အင်္ဂါနေ့က ထောက်လှမ်းရေးသတင်းထုတ်ပြန်ချက်မှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီဒေသမှာ တစ်နှစ်ပတ်လုံး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ရုရှားက ဖေဖော်ဝါရီလမှာ ယူကရိန်းရဲ့ အမာခံနယ်မြေ Avdiivka ကို သိမ်းပိုက်ပြီးနောက် တဖြည်းဖြည်း ရှေ့ကိုတိုးလာခဲ့တယ်လို့ အဲဒီကြေညာချက်မှာ ဆိုထားပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအတွက် ပင်မထောက်ပံ့ရေးလမ်းကြောင်းတွေထဲက တစ်ခုဟာ အဲဒီရွာရဲ့ အရှေ့ဘက်မှာ ဖြတ်တောက်ခံရနိုင်ပြီး ထောက်ပံ့ပို့ဆောင်ရေးတွေ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ အဲဒီဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။