Rafah ကို လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၇ ဦး သေဆုံးခဲ့ပြီး နယ်စပ်ဖြတ်ကျော်ရေးဂိတ် ပျက်စီးခဲ့တယ်လို့ သတင်းတွေဆို

ဂါဇာကမ်းမြောင် တောင်ဘက်ခြမ်းကို နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေတဲ့ ပါလက်စတိုင်းတွေ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက်ကြောင့် ဒီကမ်းမြောင်မှာ သေဆုံးသူ အရေအတွက်တွေ တိုးမြင့်လာခဲ့ပါတယ်။

အစ္စရေးတပ်တွေက ဂါဇာကမ်းမြောင်ဒေသကို ဗုဒ္ဓဟူးနေ့မှာ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ ၂၄ နာရီအတွင်း လူ ၂၄ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူမိသားစုတွေ အသုံးပြုတဲ့ ယာယီတဲတွေ တိုက်ခိုက်ခံရပြီးနောက် Rafah မြို့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူအရေအတွက်ဟာ ဗုဒ္ဓဟူးနေ့မှာ ၃၇,၃၉၆ ဦးအထိ ရှိလာတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စတင်ခဲ့ပါတယ်။

ဒီအတောအတွင်း Rafah က တပ်ဖွဲ့တစ်ခုနဲ့အတူ လိုက်ပါခဲ့တဲ့ သတင်းထောက်တစ်ဦး ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်ကို The Times of Israel ကဖော်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးမှာ “Rafah Crossing ဂိတ်ဟာ ဒီကမ်းမြောင်မှာ အကြီးအကျယ် လိုအပ်တဲ့ အဓိကအကူအညီတွေ ပေးအပ်ဖို့အတွက် နောက်တစ်ကြိမ် အသုံးပြုနိုင်တဲ့ အနေအထားမရှိတော့ပါဘူး။ မကြာသေးခင်ရက်တွေအတွင်းက မီးလောင်ခဲ့တဲ့ ပင်မဂိတ်အဆောက်အအုံအပါအဝင် အဆောက်အအုံအများအပြား ပျက်စီးခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။