ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေက စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်မယ်လို့ စာချုပ်သစ်မှာ ကတိပြု

ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေက အပြန်အလှန် စစ်ရေးအရ ပံ့ပိုးကူညီဖို့ ကတိပြုမှုပါဝင်တဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရုရှားသမ္မတ Vladimir Putin က “လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ တခြားနိုင်ငံတွေက တိုက်ခိုက်လာမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံတွေအချင်းချင်း ထောက်ပံ့မှုတွေ ပေးမယ်လို့ ပြဋ္ဌာန်းထားတယ်" လို့ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က “ခေတ်သစ်တစ်ခုနဲ့ ကိုက်ညီမယ့် ​​မဟာဗျူဟာဆိုင်ရာ သဘောတူညီချက်ကို ဖော်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ပြုံယမ်းမှာ ဗုဒ္ဓဟူးနေ့က ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဒါဟာ မစ္စတာ Putin ရဲ့ ၂၄ နှစ်အတွင်း ပထမဦးဆုံး မြောက်ကိုရီးယားခရီးစဉ် ဖြစ်ပါတယ်။

အသစ်ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ဟာ ရုရှားနဲ့ မြောက်ကိုရီးယား အစိုးရတွေအကြား စစ်ရေးနည်းပညာဖလှယ်မှုကို တိုးချဲ့နိုင်မယ်လို့ မစ္စတာ Putin က ပြောကြားခဲ့ပါတယ်။ ဒါအပြင် နှစ်ရှည်လများ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပူးတွဲပြီး တန်ပြန်သွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ဒီအတောအတွင်း တိုကျိုမှာ ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Hayashi Yoshimasa က ဂျပန်အစိုးရဟာ ဆက်လက်ပြီး အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သုံးနိုင်ငံဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြားက ဆက်ဆံရေးကို စောင့်ကြည့်နေကြပါတယ်။