ရုရှားသမ္မတနဲ့မြောက်ကိုရီးယားခေါင်းဆောင်တို့ မဟာဗျူဟာ‌မြောက် မိတ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုး

ရုရှားသမ္မတ Vladimir Putin နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ဟာ လုံခြုံရေးနဲ့စစ်ဘက်ဆိုင်ရာဆက်ဆံရေး ကို ခိုင်မြဲစေတဲ့ ပြီးပြည့်စုံတဲ့ မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

မစ္စတာ Putin နဲ့ မစ္စတာ Kim တို့ဟာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ပြုံယမ်းမှာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

မစ္စတာ Putin ဟာ မြောက်ကိုရီးယားကို တရားဝင် လာရောက်‌နေတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားရဲ့မြို့တော်မှာ သူ့ကို ကြိုဆိုတဲ့ အခမ်းအနားတစ်ခုအပြီး ထိပ်သီးဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးတို့ဟာ စီစဉ်ထားတဲ့ အချိန်ဇယားကို ကျော်လွန်ပြီး ၂ နာရီခွဲ ကြာလောက် စကားပြောဆိုခဲ့ကြတယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာက ပြောပါတယ်။

ဆွေးနွေးပွဲအစပိုင်းမှာ မစ္စတာ Kim က ယူကရိန်းမှာလုပ်နေတဲ့ရုရှားရဲ့စစ်ဆင်ရေးကို ထောက်ခံတယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ ကမ္ဘာ့အခြေအနေတွေအကြား မြောက်ကိုရီးယားဟာ ရုရှားနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးကို အားကောင်းစေကာ ရုရှားရဲ့မူဝါဒတိုင်းကို ခြွင်းချက်မရှိ ပံ့ပိုးပေးမယ်ဆိုတာကို ထပ်မံကြေညာတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

နယ်ပယ်ကဏ္ဍ ကျယ်ကျယ်ပြန့်ပြန့်မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့မျှော်လင့်တယ်လို့ သူက ပြောခဲ့ပါတယ်။

မစ္စတာ Putin က ရုရှားဟာ အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေ ချမှတ်ထားတဲ့ အင်ပါရာနယ်ချဲ့ဝါဒကို တိုက်ဖျက်နေတယ်လို့ဆိုရင်း အမေရိကန်နဲ့ သူ့နိုင်ငံရဲ့ ထိပ်တိုက်တွေ့နေမှုကို အလေးထား ပြောကြားခဲ့ပါတယ်။

မစ္စတာ Putin က မစ္စတာ Kim ကို ရုရှားရဲ့မြို့တော်မှာ တွေ့ဆုံဖို့မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပြီး မော်စကို ကို လာဖို့ ဖိတ်ကြားခဲ့ပါတယ်။