ပျက်စီးခံ မောင်းသူမဲ့လေယာဉ်တွေအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၃၆၀ တန်ဖိုးရှိလက်နက်တွေ ထိုင်ဝမ်ဆီရောင်းဖို့ အမေရိကန် အတည်ပြု

အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၃၆၀ လောက် တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချနိုင်တာနဲ့ ပတ်သက်ပြီး အတည်ပြုလိုက်ပါတယ်။ အဲဒီအထဲမှာ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ပေးခဲ့တဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ အမျိုးအစားတူတဲ့ လေယာဉ်တွေ ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီနေ့မှာပဲ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ထိုင်ဝမ်ကို ရောင်းချမယ်လို့ အဆိုပြုထားတဲ့ လက်နက်တွေထဲမှာ 291 ALTIUS 600M-V ဒရုန်းယာဉ်စနစ်တွေ ပါဝင်တယ်လို့ အဲဒီကြေညာချက်က ဆိုပါတယ်။ ယူကရိန်းက ရုရှားကို တိုက်ထုတ်ရာမှာ အဲဒီလက်နက်တွေကို အမေရိကန်က ထောက်ပံ့ပေးခဲ့ပါတယ်။

မေလတုန်းက အမေရိကန်မဂ္ဂဇင်း Foreign Policy ဟာ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ထိုင်ဝမ်က အဲဒီဒရုန်းယာဉ်တွေကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပါတယ်။ "တရုတ်ရေယာဉ်တွေက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလာခဲ့ရင် အမေရိကန်ထုတ် ပျက်စီးခံဒရုန်းယာဉ်တွေဟာ အဲဒီရေယာဉ်တွေကို တိုက်ခိုက်ရာမှာ ထိရောက်လိမ့်မယ်ဆိုတာကို ထိုင်ဝမ်အရာရှိတွေက ယုံကြည်လာနေတယ်" လို့ အဲဒီမဂ္ဂဇင်းက ကိုးကားဖော်ပြခဲ့ပါတယ်။

အဆိုပြုထားတဲ့ လက်နက်ရောင်းချရေးအစီအစဉ်ဟာ လက်ရှိနဲ့ အနာဂတ်ခြိမ်းခြောက်မှုအပေါ် ထိုင်ဝမ်ရဲ့ ခုခံကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်က ဆိုပါတယ်။