ပြန်လည်ပြင်ဆင်ထားတဲ့ နိုင်ငံရေးရန်ပုံငွေထိန်းချုပ်ရေးဆိုင်ရာ ဥပဒေမူကြမ်း ဂျပန်လွှတ်တော် အတည်ပြု

ပြန်လည်ပြင်ဆင်ထားတဲ့ နိုင်ငံရေးရန်ပုံငွေထိန်းချုပ်ရေးဆိုင်ရာ ဥပဒေမူကြမ်းတစ်ရပ်ကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေမူကြမ်းကို ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော်ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ အများစုထောက်ခံမဲနဲ့ အတည်ပြုခဲ့ပါတယ်။ အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)၊ ညွန့်ပေါင်းပါတီ Komeito နဲ့တခြားသူတွေက အဲဒီဥပဒေကြမ်းကို ထောက်ခံခဲ့ကြပါတယ်။ အတိုက်အခံပါတီတွေက ကန့်ကွက်မဲပေးခဲ့ကြပါတယ်။

ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးရန်ပုံငွေ အစီရင်ခံစာပါအကြောင်းအရာတွေ စာတမ်းစာတမ်းအဖြစ် အတည်ပြုဖို့ ဖော်ပြထားပါတယ်။ ဒါဟာ "အသင်းအဖွဲ့အလိုက် အပြစ်ရှိခြင်း" ဆိုတဲ့စနစ်တစ်ခုကို ကျင့်သုံးဖို့အတွက် ဖြစ်ပါတယ်။

ဝယ်ယူသူတွေရဲ့ အမည်တွေထုတ်ဖော်ပြဖို့ လိုအပ်တဲ့ ရန်ပုံငွေလက်မှတ်ဝယ်ယူတဲ့ပမာဏကို အနိမ့်ဆုံးအနေနဲ့ ယန်း ၅၀,၀၀၀ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၀ လောက်အထိ လျှော့ချသတ်မှတ်ထားပါတယ်။ လက်ရှိမှာ အနိမ့်ဆုံးပမာဏက ယန်း ၂၀၀,၀၀၀ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၈၀ ‌လောက် ဖြစ်ပါတယ်။

ပါတီကပံ့ပိုးပေးတဲ့ မူဝါဒဆိုင်ရာ ရန်ပုံငွေတွေကို ဘယ်လိုနဲ့ ဘယ်အချိန်မှာ အသုံးပြုတယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေကို အစီရင်ခံတင်ပြဖို့တောင်းဆိုမှာ ဖြစ်ပါတယ်။ သူတို့ဟာ ပြေစာတွေနဲ့ တခြားသက်ဆိုင်ရာ စာရွက်စာတမ်းတွေကို ၁၀နှစ်အကြာမှာထုတ်ဖော်ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

LDP ရဲ့ပါတီတွင်း အုပ်စုတချို့ပါဝင်ပတ်သက်နေတဲ့ ရန်ပုံငွေအရှုပ်တော်ပုံကြောင့် အဲဒီဥပဒေမူကြမ်းကို LDP က တင်သွင်းခဲ့တာဖြစ်ပါတယ်။ Komeito နဲ့ Japan Innovation Party တို့ရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းဖို့အတွက် အောက်လွှတ်တော် ဆွေးနွေးမှုတွေအတွင်းမှာ မူလဥပဒေမူကြမ်းကို ပြင်ဆင်ခဲ့ပါတယ်။

မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်ရန်ပုံငွေ အစီရင်ခံစာတွေ အပေ် ပြင်ပအဖွဲ့အစည်းရဲ့ စစ်ဆေးရေးကို ဘယ်လိုသေချာအောင်လုပ်ဆောင်မယ် ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ဆွေးနွေးသင့်တယ်လို့ အဲဒီ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။