NHK နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကူအညီပေးဖို့ သားဖြစ်သူက နိုင်ငံတွေကို တောင်းဆို

ဒီနေ့ ဗုဒ္ဓဟူးနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အသက် ၇၉ နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းထားခဲ့ပါတယ်။

သူ့ရဲ့သား Kim Aris ဟာ လက်ရှိ ဗြိတိန်နိုင်ငံမှာ နေထိုင်နေပါတယ်။ NHK နဲ့ နဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သူက သူ့မိခင် ဘယ်မှာရှိတယ်ဆိုတာ သေချာမသိဘူးလို့ ဆိုပါတယ်။

သူ့မိခင်ဟာ အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပုံစံနဲ့ ပြောင်းရွှေ့ခံထားရတယ်လို့ သူနဲ့ မိခင်ကိုထောက်ခံသူတွေ ကြားခဲ့ရပေမဲ့ နောက်ပိုင်းမှာ အဲဒီသတင်းဟာ မမှန်ဘူးလို့ ကြားရကြောင်း သူက ပြောပါတယ်။ ဒါကြောင့် သူ့မိခင်ဟာ လောလောဆယ်မှာ နေပြည်တော် ထောင်ထဲမှာပဲ ရှိနေသေးတယ်လို့ သူတို့က ယုံကြည်နေပါတယ်။

ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေက စစ်တပ်ကို တိုက်ခိုက်ဖို့အင်အားသုံးနေတဲ့ အနေအထားနဲ့ ပတ်သက်ပြီး သူက “ဒါက နည်းမှန်လမ်းမှန် ဟုတ်ဟုတ် မဟုတ်‌ဟုတ် အခုလောလောဆယ်မှာ ဒီနည်းလမ်းတစ်ခုပဲရှိနိုင်တယ်” လို့ ပြောပါတယ်။

မစ္စတာ Aris က သူ့မိခင်ဟာ တခြားသူတွေနဲ့အတူ “လူ့အခွင့်အရေးကို ယုံကြည်တယ်ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ အဖမ်းခံထားရတယ်” လို့ ဆိုပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ ဒီလိုပဲ လက်ပိုက်ကြည့်မနေကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဂျပန်အပါအဝင် တခြားနိုင်ငံတွေက ပြည်သူတွေအနေနဲ့ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဆက်ပြီးပံ့ပိုးပေးဖို့ သူတို့အစိုးရတွေကို ဖိအားပေးသင့်တယ်လို့ သူက ပြောပါတယ်။