NATO အကြီးအကဲက သူ့အဖွဲ့ဝင် ၂၃ နိုင်ငံဟာ အခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ရည်မှန်းချက် ၂ ရာခိုင်နှုန်းကို ပြည့်မီမှာ ဖြစ်တယ်လို့ ပြော

NATO မဟာမိတ်အဖွဲ့ဝင် ၃၂ နိုင်ငံထဲက ၂၃ နိုင်ငံဟာ အခုနှစ်မှာ ကာကွယ်ရေးအတွက် ပြည်တွင်းစုစုပေါင်းထုတ်ကုန်တန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို သုံးစွဲရေး ရည်မှန်းချက်ကို ပြည့်မီဖို့ ရှိတယ်လို့ အဲဒီအဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg ဟာ တနင်္လာနေ့က အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ Joe Biden နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးမှုအစပိုင်းမှာ အဲဒီလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ "ဥရောပမဟာမိတ်တွေနဲ့ ကနေဒါက NATO မဟာမိတ်အဖွဲ့ဝင်အားလုံးကို ကာကွယ်ရေး သူတို့ရဲ့ ဘုံတာဝန်ကို တိုးမြှင့်လုပ်ဆောင်ဖို့ အမှန်တကယ် ကြိုးပမ်းနေပြီး တာဝန်ယူဆောင်ရွက်နေတယ်ဆိုတာကို" ပြသလိုက်ခြင်း ဖြစ်တယ်လို့ မစ္စတာ Stoltenberg က ပြောပါတယ်။

ဒါကို မစ္စတာ Biden က ကြိုဆိုခဲ့ပြီး ရည်မှန်းချက်ဖြစ်တဲ့ ၂ ရာခိုင်နှုန်းကို ပြည့်မီမယ့် NATO မဟာမိတ်အဖွဲ့ဝင်အရေအတွက်ဟာ သူသမ္မတတာဝန် စတင်ထမ်းဆောင်ချိန်ကထက် နှစ်ဆကျော် တိုးလာလိမ့်မယ်လို့ ပြောပါတယ်။

ကာကွယ်ရေးဘတ်ဂျက် တိုးများလာတာနဲ့အမျှ လာမယ့်လကျရင် ဝါရှင်တန်မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ NATO အဖွဲ့ဝင်တွေဟာ ရုရှားနဲ့ ပတ်သက်လာရင် သူတို့ရဲ့ ဟန့်တားမှုနဲ့ ကာကွယ်မှုစွမ်းရည်တွေ ပိုမိုအားကောင်းလာစေဖို့အတွက် နည်းလမ်းတွေကို ဆွေးနွေးဖွယ် ရှိပါတယ်။

အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာဖို့ ရည်ရွယ်ထားတဲ့ အမေရိကန်သမ္မတဟောင်း Donald Trump က NATO မဟာမိတ်တွေကို ကာကွယ်ရေးမှာ ငွေပိုမိုသုံးစွဲဖို့ တိုက်တွန်းနေခဲ့ပါတယ်။ လုံလုံလောက်လောက် ငွေသုံးစွဲခြင်းမရှိတဲ့ NATO အဖွဲ့ဝင်တွေကို အမေရိကန်က ကာကွယ်မှာ မဟုတ်ဘူးလို့တောင် အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။