NATO ရဲ့ နျူကလီးယားကြားဖြတ်ဟန့်တားမှု ခေတ်မီရေး NATO အတွင်းရေးမှူးချုပ်အလေးပေးပြော

NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က NATO မဟာမိတ်အဖွဲ့ဟာ လက်ရှိလုံခြုံရေးပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖို့ အဖွဲ့ရဲ့ နျူကလီးယားကြားဖြတ်ဟန့်တားမှုကို ခေတ်မီအောင်လုပ်ဆောင်နေတယ်လို့ အလေးထားပြောဆိုလိုက်ပါတယ်။

မစ္စတာ Stoltenberg ဟာ ဝါရှင်တန်မှာ တနင်္လာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဇူလိုင်လကျရင် ဝါရှင်တန်မှာကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးမတိုင်မီ အမေရိကန်ပြည်ထောင်စုကို သူ ရောက်ရှိနေတာ ဖြစ်ပါတယ်။

NATO ဟာ သူ့ရဲ့နျူကလီးယား ကြားဖြတ်ဟန့်တားမှုကို ခေတ်မီအောင်လုပ်ဆောင်နေပြီး လေယာဉ်ဟောင်းတွေကို ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေနဲ့ အစားထိုးနေတယ်လို့ မစ္စတာ Stoltenberg က ပြောပါတယ်။ ရုရှားရဲ့ နျူကလီးယားခြိမ်းခြောက်မှု ဆက်တိုက်ဖြစ်ပေါ်နေတဲ့အကြား ဒီလိုလှုပ်ရှားမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

မဟာမိတ်အဖွဲ့အနေနဲ့ သူ့ရဲ့ နျူကလီးယားကြားဖြတ်ဟန့်တားမှုဟာ ထိရောက်လုံခြုံပြီး အားကိုးအားထားလို့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဆက်သွယ်ပြောဆိုနိုင်ဖို့ လိုအပ်တယ်လို့ မစ္စတာ Stoltenberg က အရင်တုန်းက ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ နျူကလီးယားလက်နက် အရေအတွက်ကို တိုးမြှင့်ဖို့အစီအစဉ်မရှိဘူးဆိုတာ NATO အကြီးအကဲက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ NATO အဖွဲ့ဝင်တွေဟာ နျူကလီယားလက်နက်တွေ ပိုမိုချထားဖို့ ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတယ်ဆိုတာ ဗြိတိန်နေ့စဉ်ထုတ် သတင်းစာ The Telegraphက ဖော်ပြခဲ့ပါတယ်။