တောင်တရုတ်ပင်လယ်မှာ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ ကနေဒါတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) က သူတို့ဟာ တောင်တရုတ်ပင်လယ်မှာ အမေရိကန်၊ ဖိလစ်ပိုင်၊ ကနေဒါတို့နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖျက်သင်္ဘော၊ အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘော၊ ဖိလစ်ပိုင်ရေတပ်ရဲ့ ကင်းလှည့်သင်္ဘောနဲ့ တော်ဝင်ကနေဒါရေတပ်ရဲ့ စစ်သင်္ဘော ပါဝင်ခဲ့ပါတယ်။

ဒါဟာ အဲဒီလေးနိုင်ငံအနေနဲ့ "ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှု" လို့ သူတို့ ခေါ်ဆိုတဲ့ လေ့ကျင့်မှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ လေ့ကျင့်မှုမှာ ပါဝင်တဲ့ ရေယာဉ်တွေဟာ အပြန်အလှန် ဆက်သွယ်ရေးနဲ့ မောင်းနှင်သွားလာရေးလေ့ကျင့်မှုအပါအဝင် သူတို့ရဲ့ ညှိနှိုင်းလှုပ်ရှားမှုတွေကို စမ်းသပ်ဖို့အတွက် လေ့ကျင့်မှုအမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။

MSDF ဟာ ဧပြီလက တောင်တရုတ်ပင်လယ်မှာ အမေရိကန်၊ ဖိလစ်ပိုင်၊ သြစတြေးလျရေတပ်တွေနဲ့အတူ ပြုလုပ်တဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

ဂျပန်အနေနဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာအောင် ကြိုးပမ်းပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် အကျိုးပြုမှာ ဖြစ်တယ်လို့ MSDF အရာရှိတွေက ပြောပါတယ်။

တရုတ်က အဲဒီပင်လယ်မှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့အချိန်မှာ အဲဒီပြောဆိုမှု ထွက်ပေါ်လာတာပါ။ အဲဒီပင်လယ်မှာ တရုတ်ကင်းလှည့်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘောတွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ဖူးပါတယ်။