ဂျပန်နိုင်ငံအလယ်ပိုင်း၊ နိအိဂါ့တ မှာ 'ထပ်ကာတလဲလဲ မြေပြင်အရည်ပျော်မှု' ကို အတည်ပြုခဲ့တယ်လို့ ကျွမ်းကျင်သူဆို

Noto ကျွန်းဆွယ်မှာ နှစ်ဆန်းတစ်ရက်နေ့က အင်အားပြင်း ငလျင်လှုပ်ခဲ့တဲ့နောက် ဂျပန်နိုင်ငံအလယ်ပိုင်း နိအိဂါ့တ မြို့က တချို့နေရာတွေမှာ "ထပ်ကာတလဲလဲ မြေပြင်အရည်ပျော်မှု" ဖြစ်ခဲ့တယ်လို့ ဂျပန်သုတေသီတစ်ဦးက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ အကြာ ၁၉၆၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တုန်းက အင်အားပြင်း ငလျင်တစ်ခုလှုပ်ခဲ့တုန်းက အဲဒီမြို့မှာ ပြင်းထန်တဲ့ လှုပ်ခါမှု၊ ဆူနာမီနဲ့ မြေပြင် အရည်ပျော်မှုတွေကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အခုနှစ် Noto ကျွန်းဆွယ်ငလျင်မှာလည်း အဲဒီမြို့မှာ မြေပြင်အရည်ပျော်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

National Research Institute for Earth Science and Disaster Resilience ဌာနက သုတေသီ Senna Shigeki က အခုနှစ်ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြင်အရည်ပျော်မှုတွေကို စစ်ဆေးခဲ့ပြီး လွန်ခဲ့သော နှစ် ၆၀ က ငလျင်ရဲ့ အနေအထားတွေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

မစ္စတာ Senna က အဲဒီမြို့မှာ ၁၉၆၄ ငလျင်ကြောင့် မြေပြင်အရည်ပျော်မှုဖြစ်ခဲ့တဲ့ နေရာတွေမှာ မကြာခဏ အလားတူဖြစ်ရပ်တွေ ဖြစ်ပွားလေ့ရှိတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အဓိကအားဖြင့် ဂျပန်ပင်လယ် ကမ်းရိုးတန်းက သဲသောင်ခုံတွေနဲ့ တိမ်ကောသွားတဲ့ မြစ်ကြောင်းတွေလို မြေအောက်ရေပမာဏ မြင့်မားတဲ့ သဲမြေတွေမှာ မကြာခဏ ထပ်ကာတလဲလဲ မြေပြင်အရည်ပျော်မှု ဖြစ်ပွားတဲ့ သဲလွန်စတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

တားဆီးရေး စီမံချက်တွေ မလုပ်ဘူးဆိုရင် မြေပြင်အရည်ပျော်မှုတွေ ထပ်ခါတလဲလဲ ဖြစ်ပွားလာနိုင်တယ်လို့ အဲဒီကျွမ်းကျင်သူက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ အန္တရာယ်ပြမြေပုံတွေနဲ့ တခြားနည်းလမ်းတွေကို အသုံးပြုပြီး မိမိတို့နေထိုင်ရာဒေသရဲ့ ပထဝီဝင်အသွင်အပြင်နဲ့ အတိတ်က ကြုံတွေ့ခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာထားကြဖို့ သူက တောင်းဆိုခဲ့ပါတယ်။