Hakone ရဲ့ ခရီးသွားလုပ်ငန်း ကပ်ရောဂါမတိုင်ခင်အဆင့်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိ ပြန်လည်ရောက်ရှိ

တိုကျိုမြို့အနားက Hakone အပန်းဖြေမြို့ကို အလည်လာတဲ့ ခရီးသည်တွေ ပြန်ပြီးများလာနေပါတယ်။ မနှစ်က လာရောက်လည်ပတ်သူဦးရေဟာ ကပ်ရောဂါမဖြစ်ပွားခင်ကအဆင့်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိ ပြန်ရှိလာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ခါနာ့ဂါဝါ ခရိုင်မှာတည်ရှိတဲ့ အဲဒီတောင်ထူထပ်တဲ့မြို့ကို လည်ပတ်သူ ၁၉.၅၁ သန်း လာရောက်ခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါဟာ အဲဒီအရင်နှစ်ထက် ၁၂.၄ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမဖြစ်ခင် ၂၀၁၈ ခုနှစ်မှာ Hakone ကို အလည်လာသူ ၂၁.၂၆ သန်း ရှိခဲ့ပါတယ်။ အရင်နှစ်ကကိန်းဂဏန်းဟာ အဲဒီ ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။

အရင်နှစ်က လာရောက်တဲ့ ခရီးသွားတွေထဲမှာ ၁၅.၅၇ သန်းက နေ့ချင်းပြန် ခရီးသွားသူတွေ ဖြစ်ပါတယ်။ ပြည်ပက ခရီးသွား ၃၄၀,၀၀၀ ကျော် အပါအဝင် စုစုပေါင်း ၃.၉၃ သန်းက အနည်းဆုံး တစ်ညအိပ်တည်းခိုခဲ့သူတွေ ဖြစ်ပါတယ်။

Hakone မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့ရဲ့ ခရီးသွားလုပ်ငန်းအသင်းက တည်းခိုရေးအဆောက်အအုံတွေ ပိုမိုကောင်းမွန်လာစေရေးနဲ့ ဒေသတွင်း ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခရီးသွားလမ်းညွှန်တွေကို လေ့ကျင့်ရေးတွေမှာ အစိုးရရဲ့ ထောက်ပံ့ငွေတွေကို အသုံးပြုပြီး ခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

မြို့ဝန် Katsumata Hiroyuki က ကပ်ရောဂါမတိုင်ခင် အဆင့်ကိုမရောက်သေးပေမဲ့ ပြည်တွင်းခရီးသွားလာသူ အရေအတွက် မြင့်တက်လာတာကြောင့် ခရီးသွားဦးရေ ပြန်လည်တိုးတက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒေသတွင်းစီးပွားရေးကို အားပေးဖို့အတွက် တိုးလာနေတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝယ်လိုအားကို အသုံးချလိုတယ်လို့ သူက ပြောပါတယ်။